Friday, April 24, 2015

မေ​မေ့အတွက်​စပ်​တဲ့ကဗျာ

မေ​မေ့အတွက်​စပ်​တဲ့ကဗျာ
~~~~~~~~~~~~~~~~

ဖုန်​ထူ​သောလမ်း
နေ​ရောင်​လွှမ်းတဲ့ခရီးကြမ်းမှာ
တစ်​ရွာဝင်​တစ်​ရွာထွက်
ဈေး​တောင်းက​လေး​ခေါင်း​ပေါ်ရွက်​ပြီး
သားသမီးတို့ပညာ​ရေးအတွက်
ချွေးစက်​ကို​ရေချိုး
မညှိုး​သောစိတ်​ထားနဲ့
စီးပွားရှာခဲ့တဲ့   ​မေ​မေ.....။

ဇွဲမ​လျှော့မြဲ
သူတစ်​ပါးလည်းအားမကိုးသူ
ဖြူစင်​တဲ့မာနခဲ
ရင်​​သွေး​တွေ​လောကအလယ်​ထဲ
လူရာဝင်​ဖို့ဒီတစ်​ခုတည်း
မျှော်​လင့်​ဆဲစိတ်​ကူးကာ
ဘယ်​​လောက်​ပဲပင်​ပန်းပါ​စေ
အပြုံးမပျက်​ခံတဲ့....​မေ​မေ....။

ဆန်​တစ်​ဗူးရဖို့
ဆီတစ်​ဗူးရဖို့
သွားခဲ့တဲ့ခရီး​တွေမှာ
ခြေ​ထောက်​​တွေနာ လက်​​တွေနာ
ဈေးသည်​တစ်​​ယောက်​ရဲ့ဘဝဆိုတာ
ဘယ်​လိုလုပ်​ပြီး​ပျော်​စရာရှိမှာလဲ
သမာအာဇီဝလည်းကျ
ကျန်​တာလည်းမလုပ်​တတ်​တဲ့ကာလမို့
မျက်​ရည်​​တွေ ​ချွေးထဲမှာ စို့ခဲ့ရတဲ့​မေ​မေ...။

သားကြီးအတွက်​ကြက်​​ပေါင်​ဖိနပ်​ဝယ်
သမီးကြီးအတွက်​ယင်းမာဖိနပ်​ဝယ်
ခြေလျင်​​ကျောင်းတတ်​တာလွယ်​ဖို့တဲ့​လေ...
မုန့်​ဖိုးမ​ပေးနိုင်
ဟင်း​ကောင်းမချက်​နိုင်
လွယ်​အိတ်​အသစ်​မဝယ်​​ပေးနိုင်
လောကဓံကိုအန်​တုနိုင်​ဖို့​လေ့ကျင့်​​ပေး
ကံကြမ္မာ​နဲ့​လောင်း​ကြေးထပ်​တဲ့ပွဲမှာ
အပြတ်​အသတ်​ နိုင်​ခဲ့ပါတယ်​​မေ​မေ...။

သားနှစ်​​ယောက်​ရဲ့ပညာ​ရေး
သမီးနှစ်​​ယောက်​ရဲ့အနာဂတ်​​ရေး
အလှပဆုံးအ​တွေးနဲ့ကြိုးစား
ပတ်​ဝန်းကျင်​မှာ ကြားရတဲ့စကား​တွေက
ညည်းမို့လို့ ဆင်းရဲခံတယ်​​အေ
သားသမီး​တွေက ဘာဖြစ်​မှာမို့လဲ
မယုံကြည်​အပ်​​တဲ့လူ​တွေနဲ့အယူအဆလွဲ
နားလည်​မ​ပေးတတ်​သူ​တွေနဲ့ခံယူချက်​ကွဲ
တစ်​​ယောက်​တည်းအံခဲခဲ့တဲ့ ​မေ​မေ....။

တစ်​နှစ်​တစ်​တန်း​အောင်​တဲ့
သားသမီး​တွေရဲ့ ကြည်​နူးမှုအ​သေးစားက
မေ​မေ့အတွက် ဧရာမအား​ဆေးတစ်​ခု
အခက်​အခဲ​တွေကို အန်​တုဖို့ ပီတိ
ရွာထဲကလူ​တွေမသိဘူး
ရွှေရှိမှမျိုး​တော်​သူ​တွေမသိဘူး
မေ​မေ့ရဲ့​ဈေး​တောင်းနဲ့ချိန်​ခွင်​တို့သိကြတယ်
မိုးမလုံတဲ့အိမ်​အို​လေးသိတယ်
ဖိနပ်ပါးပါးေ​လးသိတယ်
အိမ်​​ရှေ့က မန်​ကျည်းပင်​ သိ ခဲ့ တယ်​.....။

ဝဋ်​​ကြွေးလို့အမည်​တပ်​ရမယ့်
အ​ဖေ့ရဲ့ ကွယ်​လွန်​မှုမှာ
မေ​မေ ရင်​နာ​ကြေကွဲခဲ့တယ်
အံကျိတ်​ငိုညည်းခဲ့တယ်
ဒါ​ပေမယ့်
သားသမီး​တွေအတွက်​ မ​ပျော့ညံခဲ့ဘူး
စံပြတစ်​​ယောက်​အဖြစ်​ ​သွေးမ​ကြောင်​ခဲ့ဘူး
မနက်​ဖြန်​လှလှ​တွေကိုခူးယူမယ့်​လက်​​ချောင်း​တွေ
မာကျစ်​ နုညံ့ခဲ့တယ်
ခိုင်​ခံ့ တည်​ကြည်​ခဲ့တယ်
အေး​ဆေး တတ်​ကြွခဲ့တယ်​...။

အခုလို သားသမီး​တွေပညာတတ်​လာကြ​တော့
ခေါင်း​မော့ထားတဲ့​မေ​မေ့မျက်​နှာ
ပြုံးရွှင်​​နေတဲ့​မေ​မေ့ရုပ်​လွှာ
တိမ်​စင်​လပမာကြည်​လင်​ဝင်းပ
ရွာထဲက​ပြော​နေကြပြီ
အိုကံ​ ကောင်းလိုက်​တာ​တော်
မွေးရကျိုးနပ်​ပ​ အေ
ပင်​ပန်းခဲ့ရတာ တန်​တယ်​​နော်​..
တမလွန်​ကအ​ဖေလည်း
မေ​မေ့ကို ​ကျေးဇူးတင်​​နေမှာပါ...။

ပညာ​ရေးအ​မှောင်​ကျတဲ့​ခေတ်​မှာ
ပညာအ​မွေသာမြတ်​နိုးခဲ့တဲ့ ​မေ​မေ
အညတရရွာ​လေးတစ်​ရွာမှာ
အများနဲ့ ဓမ္မာ​သောကဖြစ်​ခဲ့တဲ့ ​မေ​မေ
တာဝန်​နဲ့ဝတ္တရားကိုအပြည့်​ယူ
မိမိအတွက်​အရာရာလျစ်​လျူရှုခဲ့တဲ့ ​မေ​မေ
ဘဝအပူ​တောမှာ ဓနချူချာတာမ​ကြောက်
ဒုက္ခကိုဒူးမ​ထောက်​ခဲ့တဲ့ ​မေ​မေ
ပစ္စုပ္ပန်​တိုင်းမှာ ​နေ​ပျော်​ပါ​စေ
မနက်​ဖြန်​တိုင်းမှာ ​အေးချမ်းပါ​စေ
သား ဆု​တောင်း​နေပါတယ်​ ​မေ​မေ.....။

No comments:

Post a Comment