😁😁😁😁(9)😁😁😁😁
သန့်ရှင်းစွာ ပွင့်နေတဲ့ အခန်း
~~~~~~~~~~~~~~~~
(၁)
ကိုယ်ဝန်ပျက်ကျသွားတဲ့ညနေခင်း
ကြည်နူးခြင်းအလုခံရတဲ့ပြက္ခဒိန်
ကိုခင်ဝမ်းဟာ
အိမ်ပြန်ချိန်စောခဲ့ပါတယ်....
(၂)
လမ်းဘေးကကျောက်စရစ်ခဲလေး
လရောင်ကိုစိတ်ကူးမယဉ်သလိုမျိုး
ငါ
အိပ်မက်တွေကိုဆေးမထိုးခဲ့ဖူးဘူး
(၃)
ဘယ်သူမှမရှိတဲ့အခန်းထဲ
ဘယ်သူမှမသိဘဲ ကဗျာရေး
ဘယ်လောက်လှတဲ့ ညလေးဖြစ်မလဲ
(၄)
ငါ့ထက်အသက်ကြီးတဲ့မန်ကျည်းပင်ကြီးက
သူ့တန်ဖိုးကိုသူရွတ်ပြ
အို....ဖြူစင်လှချည်လား
အို....ငြိမ်းချမ်းလှချည်လား
(၅)
ဆံပင်နီကြောင်ကြောင်နဲ့ကောင်လေး
ဆရာတွေကလူဆိုးလို့ဘယ်လိုနာမည်ပေးပေး
ပြုံးပြုံးလေးသူပြောတတ်တာ
"အမေ့ကို ချစ်တယ်ဗျာ....”တဲ့...
(၆)
ရောဂါအမျိုးမျိုးနဲ့လူတွေ
အကုသိုလ်အမျိုးမျိုးနဲ့လူတွေ
အတ္တအမျိုးမျိုးနဲ့လူတွေ
လောဘအမျိုးမျိုးနဲ့လူတွေ
ကမ္ဘာကြီးရေ
ခင်ဗျားကို အားလုံးအစား အားနာတယ်ဗျာ
(၇)
လေတိုက်လို့လှုပ်သွားတဲ့ ဝါးရွက်လေးတွေ
ဘာလို့အဲလောက်ချစ်စရာကောင်းတာလဲ
ငှက်ကလေးတစ်ကောင်
သူ့အတောင်တစ်စုံကို ဖြန့်
အိပ်တန်းတတ်ချိန်ဟာ သန့်ရှင်းလို့ပါလား
(၈)
ပွဲခင်းထဲမှာ ခွေးတစ်ကောင်သာ ခွေအိပ်နေလေရဲ့
ဒါပေမယ့်
တို့ရဲ့ ဇာတ်မင်းသားလေးဟာ
မိုးလင်းတဲ့အထိ ကပြနေလိုက်တာ
သူ တာဝန်ကျေချင်လို့ပါ တဲ့
(၉)
ထိုင်နေကျလက်ဖက်ရည်ဆိုင်ထဲက
ကြားနေကျစကားတွေ မျက်နှာလွှဲမှာလား
စီးပွား လူမှု ရှင်သန်မှု
လူ့ဘဝဆိုတာ ပျက်လုံးတစ်ခုပါကွာ
(၁၀)
"ပြည်တွင်းစစ်ရေ
ကိုယ် မင်းကို အရမ်းချစ်တယ်ကွာ.... ”တဲ့
------------က တိုးတိုးလေးပြောတယ်
သူ ခွေးစိတ်ဝင်နေပြီလား
(၁၁)
ထူးအိမ်သင်က
ကြယ်တွေစုံတဲ့ည ကို တမ်းတခဲ့တယ်
မြို့မငြိမ်းက
လူချွန်လူကောင်းကို မျှော်ခဲ့တယ်
ကိုဖူးအံ့က
လက်ရည်တပြင်တည်း ထမင်းစားချင်ခဲ့တယ်
ငါတို့ကရော ဘာကို ချဉ်ခြင်းတပ်ရမှာလဲ
(၁၂)
မကြိုးစားနဲ့
ဘာဖြစ်ဖို့မှမကြိုးစားနဲ့
မပူပန်နဲ့
ဘာအတွက်နဲ့မှ မပူပန်နဲ့
ချမ်းသာချင်လေလေ မချမ်းသာဘူးလို့ခံစားရလေလေ
ပျော်ချင်လေလေ မပျော်ဘူးလို့ခံစားရလေလေ
(၁၃)
သာမန်လူတစ်ယောက်သာဖြစ်ပါစေ
နားမောမခံနဲ့
မျက်လုံးမောမခံနဲ့
နှလုံးသားမောမခံနဲ့
ဦးနောက်မောမခံနဲ့
ရဲရဲရင့်ရင့် သက်သာသလိုနေပါ
(၁၄)
တရုတ်လိုလည်း မရှာနဲ့
ကုလားလိုလည်း မစုနဲ့
ဗမာလိုလည်း မဖြုန်းနဲ့
ဂျပန်လို စည်းကမ်းရှိကြပါ
(၁၅)
သန့်ရှင်းစွာ ရိုးသားစွာ
သင့်ရဲ့အခန်းဟာ
အမြဲတမ်း ပွင့်နေနိုင်ပါစေ.....
စိုးမင်းအိမ် (စဉ့်ကိုင်)
Sunday, June 7, 2020
(9) သန့်ရှင်းစွာပွင့်နေတဲ့ အခန်း
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment