😁😁😁(37)😁😁😁
ဦးပိန်တံတားပေါ်က ညနေခင်း
~~~~~~~~~~~~~~~~~~
လေညင်းလေးတွေက
ညနေကို အေးမြစေတယ်
တံတားပေါ်မှာ
လမ်းလျှောက်သူတွေ
လမ်းပျောက်သူတွေ
စျေးရောင်းသူတွေ
လေညင်းကို ဆယ်လီထင်နေကြတယ်
ဗေဒါပင်လေးတွေ
ပျော်ပါစေ
ရေပျော်ငှက်လေးတွေ
လွတ်လပ်ပါစေ
တံငါသည်လေးတွေ
ဝမ်းစာရွှင်ပါစေ
ငါးကလေးတွေ
အန္တရာယ်ကင်းပါစေ
ပါးချိုင့်လေး စားသောက်ဆိုင်မှာ
ငါတို့ စားခဲ့တဲ့ အကြော်စုံ
ငါတို့ ငုံခဲ့တဲ့ ဘီယာအကုန်
ခုဆို ဘယ်ဘုံမှာ ရောက်နေပါလိမ့်
အပြိုင်အဆိုင်
ဓာတ်ပုံရိုက်ကြတဲ့ လူငယ်လေးတွေ
လှကြပါစေ
ချစ်စရာကောင်းကြပါစေ
ငါတို့ရိုက်တဲ့ဓာတ်ပုံတွေလည်း
မနည်းဘူးလေ
ကျွန်းတိုင်အိုအိုကြီးတွေက
အမှီခံရတာကို ဂုဏ်ယူကြ
သူတို့ရဲ့ ရင့်ကျက်ခြင်းဟာ
ဘဝ ကို အဓိပ္ပါယ်ဖော်ပြနေသလို
ဟိုဘက်ကမ်းက
ထုံးဖြူဖြူစေတီနှစ်ဆူ
ငါတို့ကို သီလယူကြဖို့
အကြိမ်ကြိမ်ညှို့နေကြပါလား
မကြည့်ဘဲမြင်နေရတဲ့
ပေါင်ပေါ် ဒူးပေါ် lady လေးတွေ
ဒီကဗျာထဲမှာ ဘာလို့နေရာယူတာလဲ
ကိုရင်လေးနှစ်ပါး
တံတားအလယ်က ဇရပ်မှာ အနားယူ
သေခိယသိက္ခာပုဒ်တွေကို ချူနေကြသလား
Foreigner တွေ အချင်းချင်း
တောင်သမန်အင်းကို အချစ်ထူ
ပလက်စတစ်တွေကိုတော့ ငြူစူတာပေါ့
ကမ်းကပ်ဗေဒါတွေ
လွမ်းရက်တွေတာရှည်ရော့သလား
ဦပိန်ဟာ
ဖျားနာနေတာ ကြာပြီ
ဦပိန်ဟာ
စိတ်နာနေတာ ကြာပြီ
တောင်မင်းကြီးဘုရားထံမှာ
ငါတို့ ဘာတွေ ဆုတောင်းခဲ့ပါလိမ့်
အသိဉာဏ်
ရင်နှီးမှု
ဓနဥစ္စာ
ဘယ်အရာဟာ တန်ဖိုးအစစ်လဲ
ခရေပင်ကြီးတွေပေါ်က
ကြွေကျလာတဲ့ နွမ်းလျလေးများ
သတ္တိ ခွန်အား
ငါတို့ အတုယူသွားကြရအောင်
ဦးပိန်ရေ
ချစ်ခြင်းတွေနဲ့ ငါတို့ လာခဲ့ကြတယ်
လွမ်းခြင်းတွေနဲ့ ငါတို့ ပြန်ခဲ့ကြပါပြီ
Wednesday, June 10, 2020
(37) ဦးပိန်တံတား
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment