Sunday, June 7, 2020

(17) အသက် ၄၀ နဲ့ မတူသူ

😁😁😁😁😁(17)😁😁😁😁

အသက် ၄၀ နဲ့ မတူသူ
~~~~~~~~~~

နှစ်ပေါင်းလေးဆယ် လူဖြစ်
ဒုက္ခတွေ ဗရပျစ်
အချစ်
အလွမ်း
အရာရာကိုသောကနဲ့ထမ်းနေဆဲလား.......။

စွန့်ခွာသွားသူတွေကို တမ်းတ
ကျန်နေရစ်သူတွေကို ချစ်ရ
နွေ
မိုး
ဆောင်း
ဘဝဟာ တိုတောင်းလွန်းလှချည့်.......။

ကဗျာ
သီချင်း
ပန်းပွင့်
ကောင်းကင်
ငါခင်တွယ်ခဲ့ မြတ်နိုးခဲ့တာတွေအများသား
ညတိုင်းဟာ နှလုံးသားစတေးခံအိပ်မက်တွေနဲ့........။

ပြည်တွင်းစစ်
အလှူခံ
အမှိုက်
ကျူရှင်
ဗိုလ်ချုပ်ကြီး
ဓမ္မာရုံ
မလိုအပ်တာတွေပေါတဲ့မြန်မာပြည်မှာ
ငါ...အရောက်နောက်ကျခဲ့တာလား
အလာစောခဲ့တာလား..........။

စာနာတတ်သူတွေ
သီလကြီးသူတွေ
ဆုံးမလွယ်သူတွေ
အကြောင်းအကျိုးသိသူတွေ
ငါ့ပတ်ဝန်းကျင်မှာ ထူထပ်နေစေချင်.....။

ကော်ဖီသောက်မှာလား
ဘီယာသောက်မှာလား
မေးခွန်းနှစ်ခုရဲ့ခေါ်ဆောင်ရာ
ငါ
အလိုက်မှားခဲ့တာကြာပြီ......။

အသက်ကြီးလေလေ
အမှားကိုကာကွယ်တတ်လေလေ
အတ္တ
မာန
တလွဲဆံပင်တွေရှုပ်ပွ
ငါ့ရဲ့ စိတ်ရိုင်းတွေကို သရဏဂုံတင်ပေးကြပါ ......။

မေမေရေ
မေမေမွေးပေးတဲ့သားလိမ္မာ
မေမေပြုစုခဲ့တဲ့သားလိမ္မာ
တဖြည်းဖြည်း
ကမ္ဘာဦးလူသားဆန်လာပြီမေမေ
ကိုယ့်အတွက်
ငါ့အတွက်
ကျုပ်အတွက်
For me
လောဘဟာ အနုကြမ်းစီးနေတယ်..... ။

သားသားနဲ့နေတဲ့အချိန်နည်းပါး
ချစ်ဇနီးနဲ့စကားပြောချိန်ရှားပါး
ပြက္ခဒိန်ပေါ်မှာ
အလုပ် တဲ့
နာရီပေါ်မှာ
ငွေ တဲ့
ပျော်ရွှင်ခြင်းရေ.....ငါ့ဆီလာခဲ့ပါနော်.....။

ငယ်ငယ်က
အဖေသင်ပေးခဲ့တဲ့ဘုရားကန်တော့ချိူး
ခုတော့
မေ့တေ့တေ့ဖြစ်နေပြီ အဖေ
သားကို ခွင့်မလွှတ်ချင်ပဲ ခွင့်လွှတ်ပါ
ရောက်ရာဘဝကနေ
သားကို နားလည်ပေးပါ.......။

တစ်ချို့က
မွေးနေ့ပွဲတွေ ခမ်းခမ်းနားနားကျင်းပ
ပျော်ရွှင်ခြင်းကို အဓမ္မဝယ်ယူကြ
မိဘေက်းဇူးကိုသတိမရ
ငါကရော
"မေမေ..... နေကောင်းလား.... မေမေ”
ထူးအိမ်သင်ရဲ့သီချင်းသံ
"အဖေမရှိတော့တဲ့နောက်......”
လေးဖြူရဲ့သီချင်းသံ
အပြန်ပြန်ကြားယောင် တမ်းတနေမိ......။

အသက်လေးဆယ်
လူဖြစ်ခြင်းလေးဆယ်မှာ
ငါ
လူ ပီသခဲ့သလား
လူ ပီသပြီလား
သေချာတာကတော့
လူဖြစ်ကျိုးမနပ်သေးတာပဲ.....။

မွေးနေ့ဆိုတာ
လူတစ်ယောက်ရဲ့ဘဝမှာ
တစ်ကြိမ်သာကြုံခဲ့ရတာပါ
လူဖြစ်ခြင်းရဲ့ရည်ရွယ်ချက်
ဘယ်အထိငါတက်ခဲ့ပြီလဲ
မေးခွန်းတွေတဝဲလည်လည်.......။

ဒါန
သီလ
ပညာ
အဆင့်ဆင့်ပြုရမယ့်တာဝန်
ရက်စွဲတွေ လွန်ပြီးရင်းလွန်နေပါလား......။

ဘာပဲဖြစ်ဖြစ်
ဒီနေ့
ငါ
မေမေ့ကို ကန်တော့ဖြစ်မှာပါ.......။

အသက်လေးဆယ်ပြည့်မွေးနေ့အမှတ်တရ....😁😁


No comments:

Post a Comment