Sunday, June 7, 2020

(11) မနောသီချင်း...


😁😁😁😁(11)😁😁😁😁

မနောသီချင်းဖွင့်တဲ့ရွာမှာကျွန်တော်နေပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~

(၁)

ကလေးတွေ
အပျော်လွန်ရင်း
ဂူကြီးတစ်ဂူထဲမှာ လမ်းပျောက်သွားတယ်
အဲဒီဂူကြီးဟာ
Night Club လိုနေရာမို့လို့လား တဲ့
ဘာလို့ ငါ့ကိုလာမေးနေသလဲ
(တအားသိချင်ရင် ကိုယ်တိုင်သွားကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၂)

America Got Talent က
လုပ်ကြံဖန်တီး ကြိုတင်တိုင်ပင်ပြီး
ပြည်သူ့ဆီက ငွေချူနေတာ တဲ့
Myanmar Idol က
အဲဒါကို အတုခိုးထားတာတဲ့
အကြံအဖန်တွေပါ တဲ့
(တအားသိချင်ရင် ကိုယ်တိုင်သွားကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၃)

ဦးသန်းရွှေ သေပြီဆို ဟုတ်လား
ဦးနေဝင်းကြောင့်
ငါတို့မြန်မာတွေ ခုလို မွဲနေတာဆို
အမေစုကို အချို့က ဘာ့ကြောင့်မုန်းကြတာလဲ
အဲဒီမုန်းတဲ့လူတွေက
ဦးနောက်မရှိ စာနာစိတ်နတ္ထိတွေဆို...
(တအားသိချင်ရင် ကိုယ်တိုင်နိုင်ငံရေးလုပ်ကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၄)

မင်းက စာသင်တာဆိုတော့
ကလေးတွေအကြောင်းပိုသိမှာပေါ့
ကလေးတွေက ပိုညံ့လာကြတယ်ဆို
မတွေးတတ်မခေါ်တတ် ပေးသမျှအလွတ်ကျက်
ဖွတ်တက်နေကြတယ်ဆို ဟုတ်ရဲ့လားကွာ
(တအားသိချင်ရင် ကိုယ်တိုင်ဆရာဖြစ်ကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၅)

ထူးအယ်လင်းက မိန်းမအသစ်နဲ့
စိုးသူက မိန်းမအသစ်နဲ့
စိုင်းစိုင်းက ကောင်မလေးအသစ်နဲ့
နေတိုးက ကောင်မလေးအသစ်နဲ့
သူတို့ရဲ့အချစ်က ဘယ်လိုကြီးတွေလဲ
(တအားသိချင်ရင် ကိုယ်တိုင်ချစ်ကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၆)

Mandalay Run က ကောင်းတယ်
Grand ပြာက ငြိတယ်
Black level က မိုက်တယ်
Myanmar Beer က ခွက်ပိုပေးတယ်
ကျုပ်က အခုမှ စမ်းသောက်ကြည့်မလို့
ဘယ်ဟာက ပို အဆင်ပြေလဲ
(တအားသိချင်ရင် နည်းနည်းစီ မြည်းကြည့်လေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၇)

My Tel က မိုက်တယ်ဆို
Line လည်း ကောင်း၊ package လည်း တန်
ခင်ဗျားက ဝယ်မသုံးဘူးလား
တစ်ချို့က ပိုင်ရှင်ကို မကြိုက်လို့ မသုံးကြတာတဲ့
My Tel ပိုင်ရှင်က ဘယ်သူလဲဟင် တဲ့
(တအားသိချင်ရင် သေချာစုံစမ်းလေ)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၈)

လုပ်ငန်းရှင်တွေ
အခွန်ဆောင်ဖို့
ပိုင်ဆိုင်မှုတွေ
အမှန်တကယ်ပြရတော့မယ် တဲ့
တချို့က အခွန်သံကြားရင်ဖျားချင်ချင်
တချို့က အခွန်မပေးရဖို့ ဥာဏ်နက်တွေဆင်
တချို့က ဝန်ထမ်းတွေအတွက်လစာတိုးပေးဖို့ပြင်
အခွန်က တော်တော်ကြောက်ရလို့လား တဲ့
(တအားသိချင်ရင် အချိန်စောင့်ရမယ်)

ငါက
မနောသီချင်းဖွင့်တဲ့ ရွာမှာ
နေတာပါဆို

(၉)

ဝယဓမ္မာ သင်္ခါရာ၊
အပ္ပမာဒေန သမ္မာဒေထ။
ဖြစ်ပြီးရင် ပျက်မယ်။
လာပြီးရင် ပြန်ရမယ်။
တတ်ပြီးရင် ကျမယ်။
မမေ့မလျော့ မပေါ့မဆ
သတိတရားလက်ကိုင်ထားပြီးနေကြ
မြတ်ဗုဒ္ဓဟောကြားခဲ့တာ သိပ်မှန်တာပဲ။
(အေး....မင်းက ဒါကို တအားသိနေပြီလား)

ငါက
မနောသီချင်းဖွင့်တဲ့
ရွာမှာနေပေမယ့်
ဒါတော့ သိပါတယ်။


No comments:

Post a Comment