😁😁😁😁😁😁(25)😁😁😁😁😁😁
စားသောက်ဆိုင်
~~~~~~~~~~
ညနေကျမှ
ရှိုးပွဲက ပိုစည်တယ်
ဆိုင်ကယ်အမျိုးမျိုး
ကားအသွယ်သွယ်
နေရာလပ်မရှိအောင် ရပ်ဖို့ ညွှန်ပြ
ပါကင်စောင့်ကြီးရဲ့ နှုတ်ကျိုးစကားက
"မင်္ဂလာပါ ဆရာ....” တဲ့....
အကြော်ဆရာလေးက
ခဏနားချိန်လေးမှာ ဂိမ်းဆော့ရင်း
"အမေနဲ့ရွာကို လွမ်းတယ်....”သီချင်းဆို
ဆိုင်ရှင်အပျို ကြီး က
မချို မချဉ် ရယ်မောနေတယ်......
စားပွဲထိုးမိန်းမပျိုလေးတွေ
အလှဆုံးဝတ်ဆင်လို့
အချိုဆုံးပြုံးရွှင်လို့
အတတ်နိုင်ဆုံး ရိုကျိုးလို့
အမေ့ဆေးဖိုးအတွက်
မောင်လေးရဲ့ကျောင်းစရိတ်အတွက်
ဘီယာခွက်ကို ခပ်နွဲ့နွဲ့ကိုင်တတ်နေပြီ.....
Customers ယောက်ျားကြီးတွေ
အလုပ်ကိစ္စ
အမှတ်တရ
အထိမ်းအမှတ်
Bachelor Night
ကြိုက်တဲ့ခေါင်းစဉ်နဲ့
ABC
Myanmar Beer
Grand Royal Whiskey
ကြိုက်တဲ့အရည်တွေ ဖြို ကြ တယ်....
မီတာခပဲတိုးတိုး
ကုန်စျေးနှုန်းပဲတတ်တတ်
စီးပွားပျက်ကိန်းဆိုက်ဆိုက်
"ငါ ကြိုက်လို့ ငါ သောက်တာ....”တဲ့.....
မူးလာတဲ့ အခါ
မြင်ကွင်းထဲက ကောင်မလေးတွေဟာ
ချောမှချော လှမှလှ
စားပွဲထိုးမလေးတွေကို စိမ်းစိမ်းကြီးကြည့်
အမှောင်ဟာ အမှောင်ချင်း ထိသွားကြတယ်...
ငွေရှင်းခါနီးမှာ
မူးကြောင်ကြောင်နဲ့
စိတ်ထဲက ရေတွက်မိတာ
ဘီယာဗူးအပိတ်တွေပေါ်မှာ
"Thank you”ပေါင်း များစွာ......
မနေ့က
ထုတ်ခဲ့မိတဲ့ လစာလေး
မိသားစုအတွက် ကျန်သေးရဲ့လား
ဝေဝါး ထွေပြား
မနက်ဖြန်
ကိုယ့်ကို ပြန်ဧည့်ခံမယ့် မိတ်ဆွေကို တွေးမိလိုက်တာ
သက်ပြင်းဟာ အလျားလိုက်ထွက်သွား
အိမ်ပြန်ချိန်နောက်ကျပြန်ပေါ့လား ကွယ်
Sunday, June 7, 2020
(25) စားသောက်ဆိုင်
Labels:
ကဗျာများ,
စိုးမင်းအိမ်
Location:
, Singaing, Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment