Sunday, June 7, 2020

(12) အရက်ကျွန်တစ်ယောက်၏ နိဂုံး


😁😁😁😁😁(12)😁😁😁😁

အရက်ကျွန်တစ်ယောက်၏နိဂုံး
~~~~~~~~~~~~~~~~~

သားသမီးဆယ်ယောက်ထဲမှာ
သူဟာ ခုနစ်ယောက်မြောက်အငယ်ဆုံး
အဖေ့မေတ္တာ အမေ့မေတ္တာ
အစ်ကိုကြီး အစ်မကြီးတွေရဲ့မေတ္တာ
သူဟာ အများဆုံးပိုင်ခဲ့ပါတယ်

ငယ်ငယ်ကတည်းက
တောင်းသမျှပိုက်ဆံရ
အားရပါးရပျော်ခွင့်ရတဲ့ ကောင်လေး

ကိုးတန်းမအောင် ဆယ်တန်းမရောက်
စာကြိုးစားတဲ့အလုပ်ကိုကြောက်တဲ့ လူငယ်
ဘယ်လို အနာဂတ်နဲ့ ဆက်သွယ်မလဲ

အချိန်တန်တော့
သူ့လိုအရွယ်မိန်းကလေးနဲ့အကြောင်းပါ
အိမ်ထောင်ကျခဲ့တဲ့ သူဟာ
အမွေရလာတဲ့ မြေအနည်းငယ်နဲ့
ဘာလုပ်တတ်ခဲ့လို့လဲ
ဘာလုပ်ချင်ခဲ့လို့လဲ

အလုပ်ကို မခင်တွယ်သူဟာ
အချိန်ပိုများစွာ
သွားစရာနေရာရှာ
အရက်သောက်ဖို့အကြောင်းဖန်လာတာပေါ့

အရက်ကလေးတမြမြ
ရှက်သွေး တဖွဖွ
ရလာခဲ့တဲ့ သမီးအလှအတွက်
ပျက်ကွက်ခဲ့တဲ့အဖေ့တာဝန်
ကျေပွန်ရမယ့် အဖေ့ဝတ္တရား
စာလုံးပေါင်းတွေ အကြိမ်ကြိမ်မှားခဲ့တယ်

အရက်သမားမယားခမျာ
သူ့ကို "လင်ဆိုး”လို့ မပြောခဲ့ရှာဘူး
မထူးတော့တဲ့အိမ်ထောင်ရေး
ဖြစ်သလိုတွေး ဖြစ်သလိုဆွေး
သမီးလေးရဲ့ရှေ့ရေးကိုသာ စဉ်းစား
ဒုက္ခကို ဒုက္ခနဲ့စားခဲ့ပါတယ်

အဲဒီလိုနဲ့
တစ်ဦးတည်းသောသမီးလေး
လှသွေးကြွယ်အရွယ်ရောက်
ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်
သူ့ပတ်ဝန်းကျင်မှာ လက်မထောင်နိုင်ခဲ့တယ်

"အဖေ....
အရက်ဖြတ်ပါနော်.....
အဖေ....
အရက်လျှော့သောက်ပါနော်.....
အဖေ....
အစာများများစားပါနော်....”တဲ့
သမီးရဲ့ချော့မော့ပြောစကား
သူ ကြားတစ်ချက် မကြားတစ်ချက်
အရက်က သူ့ကို အနိုင်ယူသွားပြီ

တစ်ခုသော ညချမ်း
သမီးလေးဘွဲ့ယူမယ့်လမ်းမှာ
"အဖေ...
အရက်သောက်ရင် မလိုက်ခဲ့ပါနဲ့....
အရက်သောက်ရင် သမီးလို့ မခေါ်နဲ့”တဲ့
သမီးရဲ့ပြတ်သားစကား
သူ့ရင်ထဲမှာ ကမ္ဘာခြား.....
မျက်ရည်ဆိုတာ ဒါလား ဟင်

အဲဒီလိုနဲ့
သူဟာ
မိန်းမနဲ့ဝေးရာ....
ချစ်သမီးနဲ့ဝေးရာ....
သူ့မိဘအိမ်မှာ ခိုကပ်နေထိုင်
စိတ် ယ်ိမ်းယိုင် ဘဝ ယိမ်းယိုင်
အမြဲငူငိုင်နေတော့တာပါပဲ

သောက်မယ် မူးမယ် မေ့မယ်
ဒါ
သိပ်လွယ်တဲ့ဘဝလား
တောအရက်ချက်ပြီးရောင်းစားတဲ့ရွာဟာ
သူ့အတွက် သေမင်းတွန်သံပါပဲ

မနက်
နေ့

သောက်ခဲ့ရတဲ့ အရက်ထဲမှာ
သူ့ခံစားချက်တွေ
သူ့မျှော်လင့်ချက်တွေ
သူ့မကျေနပ်ချက်တွေ
သူ့နောင်တတရားတွေ
ဘယ်လောက်တောင်ပျော်ဝင်နေပါလိမ့်

မိသားစုဆိုတဲ့ ဘဝ
ချမ်းမြေ့စရာအိမ်ကလေး
သူ ဖျက်ဆီးလိုက်တာပါ
ချစ်ဇနီးရဲ့နာကြည်းမှု
ချစ်သမီးရဲ့ ရှက်ရွံ့မှု
ဘယ်လို ကုယူရမလဲ

ထမင်းမစား ဘာမစား
သက်ဆိုးရှည်မှာတဲ့လား
သောက်ထားတဲ့အရည်တွေက
အတွင်းကလီစာတွေကို လှိုက်စားဝါးမျိုကြ
သူ ဘာခံနိုင်မှာမို့လို့လဲ

အသည်းခြောက်
အဆုပ်ခြောက်
အသက်ရှုရမှာကြောက်နေတဲ့ သူ
နွေအပူကို အန်တု
ပန်ကာအော်သံဟာ သူ့ကို ချောက်ခြားစေတယ်

"သမီးရေ....
သမီးလေးရေ.....”
သူ့အော်သံ သူပြန်ကြား
သူ့ရင်ထဲမှာ
သူ့ကိုပြုံးပြနေတဲ့ သမီးလေး
သူ့အတွေးထဲမှာ
သူ့ကိုစကားတွေပြောနေတဲ့သမီးလေး
ဘယ်မှာလဲ ဘယ်မှာလဲဟင်

"မိန်းမရေ...
မိန်းမ....ငါ့ကို ခွင့်လွှတ်ပါ.... ”
သူ့စကားသံ သူပြန်နားထောင်
မသိချင်ဟန်ဆောင်နေတဲ့ သူ့မိန်းမ
စိတ်အနာကြီးနာနေတဲ့ သူ့မိန်းမ
သူ့ကို စိမ်းကားစွာ ကျောပေးထားတယ်
သူ့ အမြင်အာရုံထဲမှာ......

သူ့ကို ဘယ်သူ စာနာမှာလဲ
သူ့ကို ဘယ်သူ မုန်းတီးမှာလဲ
သူ့ကို ဘယ်သူ အတုယူမှာလဲ
သူ့ကို ဘယ်သူ သနားမှာလဲ

သူသေတဲ့ညက
သူ အသက်ထွက်သွားတာ
ဘယ်သူမှမသိလိုက်ပါဘူး

😪😪 လွန်ခဲ့သော ဧပြီလက ကွယ်လွန်ခဲ့သော ဦးလေးတစ်ယောက်အား သတိရလျက်😪😪😪🤢


No comments:

Post a Comment