Sunday, June 7, 2020

(24) ဗစ်တိုးရီးယား

😁😁😁😁😁(24)😁😁😁😁😁

♥သမီးလေး ဗစ်တိုးရီးယားများစွာ သို့ ♥
~~~~~~~~~~~~~~~~~~~~~~

အကုသိုလ်တွေပလူပျံတဲ့ခေတ်
စာနာတဲ့လူတွေ
ညှာတာတဲ့စိတ်တွေ
ဂရုဏာတရားတွေ
အငွေ့ပြန်နေတဲ့......... နိုင်ငံ.....

လူ့သက်တမ်းတိုတို
အမှားတွေအပြိုင်မြိုချတဲ့ ဘဝများ
သမီး၊သား၊မိဘ၊ဆရာ
မိတ်ဆွေ၊ ရင်းနှီး၊ သူစိမ်း ၊သူငါ
ဘယ်လိုပင် စည်းတွေ အမည်ခံခံ
အဝိဇ္ဇာ တဏှာ ရဲ့ အကြံဟာ ပိုမိုပက်စက်......

သမီးလေး ဗစ်တိုးရီးယားရေ
ဝဋ်ကြွေးလို့ မပြောချင်ဘူး
ကံပေါ့လို့ မဆိုချင်ဘူး
အရူးတွေမှိုလိုပေါက်နေတဲ့ ဒီနိုင်ငံမှာ
အမှန်ဟာ အမှားဖြစ်
အမှားဟာ ပြက္ခဒိန် ရဲ့ စကားလုံးရာဇာ
အမှန်ဟာ လူ့ပါးစပ်ရဲ့ဂြိုဟ်စီးဂြိုဟ်နင်း
သမီးလေးရေ
အနာဂတ်ကို သတ္တိနဲ့ပဲ နင်းပါတော့........

သမီးလေး ကျောင်းစတတ်တဲ့အခါ
နိုင်ငံတော်သီချင်းကို မဆိုပါနဲ့တော့
"တရားမျှတ လွတ်လပ်ခြင်း.....”ဟာ
နိုင်ငံတော်အလံရဲ့ အောက်ခြေမှာ
လုံးဝ သေဆုံးသွားပါပြီ.................

"ပြုသူအသစ် ဖြစ်သူအဟောင်း.....”တဲ့
ဆုတ်ကပ်ရဲ့တမန်တော်ဆိုးဟာ
နေရာမရွေး
အချိန်မရွေး
လူတန်းစားမရွေး
အသက်အရွယ်မရွေးဘူး.....သမီးလေးရေ

ဘယ်သူ့ကြောင့်လဲ ဆိုတာထက်
ဘာ့ကြောင့်လဲ ဆိုတဲ့ အဖြေကိုရှာရင်
အားလုံးမှာ တာဝန်ရှိပါတယ်

သမီးလေးလိုဖြစ်ခဲ့တဲ့ ကလေးတွေ
သမီးလေးလို ဖြစ်နေတဲ့ ကလေးတွေ
လွတ်လပ် ပျော်ရွှင် ငြိမ်းအေးဖို့ဆိုတာ
မိသားစု
ပတ်ဝန်းကျင်
နိုင်ငံတော်
အားလုံး အားလုံး အားလုံး
သတိတရားတွေ အိပ်မပျော်ဖို့ လိုပြီ
အသိတရားတွေ စိတ်ဖော်ဖို့ လိုပြီ


No comments:

Post a Comment