Tuesday, June 23, 2015

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်

ပြင်​လို့ရပါတယ်​ ညီ​လေးရယ်
~~~~~~~~~~~~~~~

ညီ​လေး​ရေ....
မင်းက
ချစ်​ခြင်းတရားနဲ့​လောကကြီးကို ချဉ်းကပ်​တယ်
မေတ္တာတရားနဲ့လူ​တွေကို ဆက်​ဆံတယ်
သံ​ယောဇဉ်​စစ်​စစ်​နဲ့ မိသားစုကို ပျိုး​ထောင်​တယ်​...

ဒါ​ပေမယ့်
မင်းချစ်​တဲ့​လောကကြီးက
တစ်​ခါတစ်​ရံ ချစ်​စရာမ​ကောင်းဘူး
မင်း​မေတ္တာထားတဲ့လူ​တွေက
တစ်​ခါတစ်​ရံ အကြင်​နာ​တွေ ​ဝေးတယ်
မင်းသံ​ယောဇဉ်​ရှိတဲ့ မိသားစုက
တစ်​ခါတစ်​ရံ သမုဒယနဲ့ ကင်းကွာ​နေတတ်​တယ်​....

ကိုယ်​​ပေးသ​လောက်​ပြန်​မရတဲ့ဘဝမှာ
ရရှိခြင်းကို​မျှော်​လင့်​တာ ​ကောင်းသလား

ပေးဆပ်​ခြင်းသပ်​သပ်​​မေတ္တာနဲ့
လောကကိုချဉ်းကပ်​ကြည့်​ရ​အောင်​​လေ

မင်းရဲ့သား​လေးကို မင်းချစ်​တယ်
မင်းရဲ့ သမီး​လေးကို မင်းချစ်​တယ်
မင်းရဲ့ ဇနီးကိုလည်း မင်းချစ်​တာပဲ
အဲဒါကို ငြင်းဖို့မကြိုးစားပါနဲ့

မိသားစုတစ်​ခုခိုင်​မြဲဖို့ဆိုတာ
ယောက်ျားက မိန်းမကို စာနာနားလည်​ရမယ်
မိန်းမက ​ယောက်ျားကို ကြင်​နာယုယရမယ်
အဲလို စာနာနားလည်​နိုင်​ဖို့
အဲလို ကြင်​နာယုယနိုင်​ဖို့
ဘာ​တွေလိုအပ်​သလဲ ညီ​လေး​ရေ.. ....

ယောက်ျားမကြိုက်​တဲ့ အချက်​​တွေ
(မိမိနဲ့သူတစ်​ပါးကိုအကျိုးမဖြစ်​​စေတဲ့အရာများ)
မိန်းမက ​ရှောင်​ရှားနိုင်​ရမယ်
မိန်းမမကြိုက်​တဲ့ အချက်​​တွေ
(အရက်​​သောက်​ခြင်းကဲ့သို့​သော အရာများ)
ယောက်ျားက စွန့်​လွှတ်​နိုင်​ရမယ်

အစ်​ကိုတစ်​​ယောက်​အ​နေနဲ့
မင်း သတ်​မှတ်​တဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့
ဆုံးမစကား ​ပြောချင်​ခဲ့လိုက်​တာ

ဒါ​ပေမယ့်
မင်းမှာ ​တွေး​ခေါ်တတ်​တဲ့ ဥာဏ်​ရှိတယ်
ဆင်​ခြင်​တတ်​တဲ့ အသိတရားရှိတယ်
နားလည်​​ပေးတတ်​တဲ့ နှလုံးသားရှိတယ်

အဲလိုလူတစ်​​ယောက်​ကို ဆုံးမစကား​ပြောဖို့
ဝန်​​လေးခဲ့တာ ဆန်းသလား
တုံ့ဆိုင်းခဲ့တာ မှားသလား
လျစ်​လျူရှုခဲ့တာ လွန်​သလား

ဒီကဗျာကလည်း
ညီ​လေးရဲ့ ရင်​ထဲကအမှန်​တရား​တွေကို ဖျက်​ဆီးဖို့
ကာရန်​​တွေ ပို့လိုက်​တာမဟုတ်​ဘူး
Rhythmတွေ တို့လိုက်​တာမဟုတ်​ဘူး
သိပြီးသားမြင့်မြတ်တာ​​တွေကို သတိထားမိဖို့
ရှိပြီးသားဖြူစင်​မှု​တွေကို တန်​ဖိုးထားဖို့
Message ပို့လိုက်​တာပါ ညီ​လေး​ရေ.. ....

မင်းက စကားအ​ပြောအဆို​ကောင်းတယ်
လူမှု့ဆက်​ဆံ​ရေး ကျွမ်းကျင်​တယ်
လုပ်​ငန်းတာဝန်​ ​ကျေပွန်​ပိုင်​နိုင်​တယ်
မင်းနဲ့ပတ်​သက်​တဲ့ အပြစ်​ဆိုလို့
တစ်​ခုတည်းရှိတာပါ
အဲဒါ အရက်​​သောက်​ခြင်းပဲ

အပြစ်​ ဆိုတဲ့စကားကို
အစ်​ကို မသုံးချင်​ပါဘူး ညီ​လေး​ရေ

ဒါ​ပေမယ့်
မင်းစဉ်းစားဖို့ ​ပြောပါရ​စေ
အ​မေက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မမက မင်းကို သိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
အစ်​ကိုက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
ညီမ​လေးက မင်းကိုသိပ်​ချစ်​တယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
မင်းမိန်းမက မင်းကိုသိပ်​ချစ်​မှာပဲ
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သား​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ အရက်​​သောက်​တာမကြိုက်​ဘူး
သမီး​လေးကလည်း မင်းကိုသိပ်​ချစ်​မယ်
ဒါ​ပေမယ့်​ သူသိတတ်​တဲ့အရွယ်​​ရောက်​ရင်
ဖေ​ဖေအရက်​​သောက်​တာကို ကြိုက်​မှာမဟုတ်​ဘူး

မင်းချစ်​တဲ့ မိသားစု
မင်းကိုချစ်​တဲ့ မိသားစုက
ငြင်းဆန်​တဲ့ ကာယကံတစ်​ခုကို
မင်း စွန့်​လွှတ်​ဖို့ မလိုအပ်​ဘူးလားညီ​လေး​ရေ.....

အရက်​​သောက်​နိုင်​တဲ့ ဂုဏ်​ဆိုးထက်
အရက်​ကို​ရှောင်​နိုင်​တဲ့ ဂုဏ်​​ကောင်းတစ်​ခုကို
ညီ​လေး ပိုတန်​ဖိုးမထားသင့်​ဘူးလား

စိတ်​ညစ်​လို့ အရက်​​သောက်​မယ့်​အစား
သားနဲ့သမီး​အတွက်​ အချိန်​​ပေးပြီး​နေပါ
ပျော်​လွန်းလို့ အရက်​​သောက်​မယ့်​အစား
ကိုယ့်​မိန်းမအနားမှာ စကား​ပြော​ဆွေး​နွေးပါ
မိုးရွာလို့ အရက်​​သောက်​မယ့်​အစား
သူငယ်​ချင်း​တွေနဲ့ Tea ဆိုင်​မှာ ငြင်းခုန်​ပါ
အ​ကြောင်းမဲ့အရက်​​သောက်​မယ့်​အစား
ကုန်​ကျမယ့်​​ငွေ​တွေကို လှူဒါန်းပါ

ညီ​လေး​ရေ
ဒါဟာ ကဗျာတစ်​ပုဒ်​မဟုတ်​ပါဘူး
အစ်​ကိုတစ်​​ယောက်​က ညီတစ်​​ယောက်​ကို
ချစ်​ခြင်းရဲ့သ​င်္ကေတပါ
အ​ဖေတစ်​​ယောက်​က သားတစ်​​ယောက်​ကို
မျှော်​လင့်​ခြင်းရဲ့ အလင်းတစ်​စပါ
မေတ္တာနဲ့​တွေး သစ္စာနဲ့​ရေးတဲ့
နှလုံး​သွေးရဲ့ ပုံရိပ်​တစ်​ခုပါကွယ်​.......

ချစ်​လှစွာ​သော ညီငယ်​ တိုးတိုးလင်း သို့........

No comments:

Post a Comment