ပင်လယ်အော်သံ
~~~~~~~~~~~~
ငါ့မွေးနေ့ကို ငါမသိတော့ဘူး
ကမ္ဘာဦးမှာပွင့်ခဲ့တဲ့ငါ့မိတ်ဆွေပန်းတွေက
ငါ့ကို မမှတ်မိကြဘူးတဲ့လေ
မြေ လေ မီး
ငါ့အပေါင်းအသင်းကြီးတွေကလည်း
မျက်နှာဖုံးကိုယ်စီတပ်ပြီး နေနေရ
ငါ့ချစ်သူလရောင်ကလည်း
ဆွဲအားနည်းနည်းသွားလိုက်တာ
ငါကိုယ်ငါ အထီးကျန်သလိုခံစားရ
ငါ့မိဘတွေငါ့ကို စွန့်ပစ်ခဲ့တာလား
ဘုရားသခင်ကငါ့ကို ကျိန်စာတိုက်ခဲ့တာလား
ငါ့သွေးတွေလည်း ခုဆို မသန့်တော့ဘူး
လူတွေက
ငါ့ရင်ထဲကို အနုမြူတွေ လာထည့်ကြတယ်
စမ်းသပ်တာတဲ့လေ
ဓာတုအဆိပ်တွေ လာသွန်ကြတယ်
ငါ့ခန္ဓာကိုယ်ထဲက ရတနာတွေယူကြတယ်
ငါးအစ ရေဘဝဲအဆုံး
သူတို့သုံးလို့ရတာမှန်သမျှ ထုတ်ယူကြတယ်
သူတို့ကိုယ်သူတို့ နမော်နမဲ့ ဖြစ်ကြလို့
သင်္ဘောတွေမြုပ် လေယာဉ်တွေပျက်ကျတာတောင်
ငါ့ကို အပြစ်ယူချင်တဲ့လူကောင်တွေ
လာကြပါ
လာကြစမ်းပါ
ကျေးဇူးတရားကို လျစ်လျူရှု
တန်ဖိုးရှိမှုကို မျက်ကွယ်ပြုချင်သူတွေ
ငါ......
ရေခဲတောင်တွေဆီ ဖုန်းဆက်လိုက်မယ်
အားရပါးရ ငိုချလိုက်စမ်းကွယ် လို့......
No comments:
Post a Comment