Wednesday, June 10, 2020

(40) ကဗျာသမား၏ ဘဝတံခါး

😁😁😁 Poem (40) 😁😁😁

ကဗျာသမား၏ဘဝတံခါး
~~~~~~~~~~~~~~

ငါ့စိတ်ကူးတွေကိုလေလံတင်လိုက်တာ
စီးပွားရေးသမားတွေအတွက်ရယ်စရာ

ရေးလက်စကဗျာတစ်ပုဒ်
ဆွဲလက်စပန်းချီတစ်ကား
ရှာလက်စသံစဉ်တစ်ခု
ညနေခင်းကို အပြိုင်လုကြတယ်

မနေ့ကတွေ့ခဲ့တဲ့မိုးစက်လေးတွေ
ဒီနေ့ကျမှ ထကြွေ
တိမ်ကလေးရေ ကျေးဇူးပါ

ဘဝတစ်ခုနဲ့ပျော်ရွှင်မှုစစ်စစ်ဟာ
ဘယ်နေရာမှာ ချိန်းတွေ့ကြသလဲ
ဘယ်အချိန်မှာ ရည်ငံကြသလဲ
ငွေစက္ကူတွေမကျဲနဲ့နော်

ချစ်သူရေ...
မင်း ယုံကြည်တဲ့မေတ္တာ
ငါ ပေးချင်တဲ့အကြင်နာ
ဘဝမှာ တန်ခိုးအကြီးဆုံးပါကွာ

ပန်းတွေပွင့်နေသမျှ
သက်တံကြီးကိုင်းနေသမျှ
ငှက်ကလေးတွေတေးသီနေသမျှ
ငါတို့ဘဝတွေ ပြည့်စုံနေမှာပါ


(39) နှင်းကိုသိမ်းထားတဲ့ဆောင်း


Poem (39) 😁😁

နှင်းကို သိမ်းထားတဲ့ ဆောင်း
~~~~~~~~~~~~~~~~~~

အပေါစား ပျော်စရာတွေ
ငါတို့ လူ့အဖွဲ့အစည်းထဲ စိမ့်ဝင်
ကမ္ဘာတစ်ဆင်စာ ရှိပြီ

ပြိုင်ဆိုင်မှုတွေနဲ့
အပြိုင်အဆိုင်ဖြစ်နေတဲ့ ပတ်ဝန်းကျင်ထဲက
ငါ့ကို နှုတ်ထွက်ခွင့်ပြုကြပါ

ဘာကိုအဟုတ်ထင်ပြီး
ဘာကိုအံအားသင့်ရမှာလဲ
ငါ့နာမည်ကို ရဲရဲဖယ်ထားလိုက်ကြ

ငြိမ်သက်မှုကို
တိုက်ရိုက်ထိတွေ့ခံစား
တပ်မက်ခြင်း နတ္ထိဘဝ ငါ ရချင်လှပြီ

ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်း
လောကဓံမြှားအစင်းစင်းက
စိတ်အေးချမ်းမှုကို မွချေ
နှစ်ပေါင်းများစွာ နာကျင်နေပြီ

ဘယ်သူ့ဆီကမှ
ဘာမှ မတောင်းခံခဲ့တဲ့ လူတစ်ယောက်
အိပ်မက်တွေနဲ့ မှောက်လျက်လဲ
ဘယ်မှာလဲ စစ်မှန်တဲ့ဆက်ဆံရေး

တစ်ခုခုရဖို့  ပြံးပြကြသူတွေ
တစ်ခုခုယူဖို့  လက်ကမ်းသူတွေ
မုန့်ဟင်းခါးအရည် ထပ်ထည့်ကြပါ

ဘာကောင်မှမဟုတ်တဲ့ ငါ့ကို
ဘာကောင်မှမဟုတ်တဲ့ ဂဏန်းကြီးက
တယ်လီဖုန်းနံပါတ်ပေးသွားတယ်

ဆောင်းရေ
နှင်းတွေကို တသုန်သုန်ရွာချ
ငါ့ကို အေးချမ်းမှုရသ ပေးပါ


(38) နှစ်သစ်ကဗျာ

😁😁😁(38)😁😁😁

နှစ်သစ်ကဗျာ
~~~~~~~~~~

စားပွဲတင်နာရီက
ခြောက်ကပ်ကပ် ရယ်တယ်
ဥဩ....ဥဩ.....တဲ့

၂၀၁၉ မြေ ရေ လေ မီး
အိမ်ပြန်ခရီးမှာ တေးချင်းညည်းတယ်
အပ္ပမာ ဒေန သမ္မာဒေထ....တဲ့

မနေ့ညက အဝိဇ္ဇာ live show မှာ
ကြော်ငြာတစ်ခု ထပ်တိုးလာတယ်
အတူတူ ခုန်ကြမယ်.....တဲ့

နာမည်မရသေးတဲ့ ငါ့ကဗျာက
အားပါးတရ ထအော်တယ်
ဝါး...ဝါး....ဝါး...ဝါး....

၁၂နာရီတိတိ၂၀၂၀ က
အားလုံးအတွက် နှုတ်ဆက်ပြတယ်
ပျော်ရွှင်ခြင်းဟာ သင့်လက်ထဲမယ်...တဲ့

Yes,
Happiness is in my hand.


(37) ဦးပိန်တံတား


😁😁😁(37)😁😁😁

ဦးပိန်တံတားပေါ်က ညနေခင်း
~~~~~~~~~~~~~~~~~~

လေညင်းလေးတွေက
ညနေကို အေးမြစေတယ်

တံတားပေါ်မှာ
လမ်းလျှောက်သူတွေ
လမ်းပျောက်သူတွေ
စျေးရောင်းသူတွေ
လေညင်းကို ဆယ်လီထင်နေကြတယ်

ဗေဒါပင်လေးတွေ
ပျော်ပါစေ
ရေပျော်ငှက်လေးတွေ
လွတ်လပ်ပါစေ
တံငါသည်လေးတွေ
ဝမ်းစာရွှင်ပါစေ
ငါးကလေးတွေ
အန္တရာယ်ကင်းပါစေ

ပါးချိုင့်လေး စားသောက်ဆိုင်မှာ
ငါတို့ စားခဲ့တဲ့ အကြော်စုံ
ငါတို့ ငုံခဲ့တဲ့ ဘီယာအကုန်
ခုဆို ဘယ်ဘုံမှာ ရောက်နေပါလိမ့်

အပြိုင်အဆိုင်
ဓာတ်ပုံရိုက်ကြတဲ့ လူငယ်လေးတွေ
လှကြပါစေ
ချစ်စရာကောင်းကြပါစေ
ငါတို့ရိုက်တဲ့ဓာတ်ပုံတွေလည်း
မနည်းဘူးလေ

ကျွန်းတိုင်အိုအိုကြီးတွေက
အမှီခံရတာကို ဂုဏ်ယူကြ
သူတို့ရဲ့ ရင့်ကျက်ခြင်းဟာ
ဘဝ ကို အဓိပ္ပါယ်ဖော်ပြနေသလို

ဟိုဘက်ကမ်းက
ထုံးဖြူဖြူစေတီနှစ်ဆူ
ငါတို့ကို သီလယူကြဖို့
အကြိမ်ကြိမ်ညှို့နေကြပါလား

မကြည့်ဘဲမြင်နေရတဲ့
ပေါင်ပေါ် ဒူးပေါ် lady လေးတွေ
ဒီကဗျာထဲမှာ ဘာလို့နေရာယူတာလဲ

ကိုရင်လေးနှစ်ပါး
တံတားအလယ်က ဇရပ်မှာ အနားယူ
သေခိယသိက္ခာပုဒ်တွေကို ချူနေကြသလား

Foreigner တွေ အချင်းချင်း
တောင်သမန်အင်းကို အချစ်ထူ
ပလက်စတစ်တွေကိုတော့ ငြူစူတာပေါ့

ကမ်းကပ်ဗေဒါတွေ
လွမ်းရက်တွေတာရှည်ရော့သလား
ဦပိန်ဟာ
ဖျားနာနေတာ ကြာပြီ
ဦပိန်ဟာ
စိတ်နာနေတာ ကြာပြီ

တောင်မင်းကြီးဘုရားထံမှာ
ငါတို့ ဘာတွေ ဆုတောင်းခဲ့ပါလိမ့်
အသိဉာဏ်
ရင်နှီးမှု
ဓနဥစ္စာ
ဘယ်အရာဟာ တန်ဖိုးအစစ်လဲ

ခရေပင်ကြီးတွေပေါ်က
ကြွေကျလာတဲ့ နွမ်းလျလေးများ
သတ္တိ ခွန်အား
ငါတို့ အတုယူသွားကြရအောင်

ဦးပိန်ရေ
ချစ်ခြင်းတွေနဲ့ ငါတို့ လာခဲ့ကြတယ်
လွမ်းခြင်းတွေနဲ့ ငါတို့ ပြန်ခဲ့ကြပါပြီ


(36) ပျက်လုံးများ


😁😁😁(36)😁😁😁

ပျက်လုံးများ
~~~~~~~~~

ဘာမှမလုပ်ဘဲနေရတာအရမ်းခက်တယ်
ဒါပေမယ့်ငါတို့အခက်အခဲကိုမကြောက်ဘူး

စွန့်လွှတ်ဖို့စဉ်းစားမိတိုင်း
စဉ်းစားခြင်းကိုမြန်မြန်စွန့်လွှတ်လိုက်ရတယ်

ငါတို့က သူများတွေကိုရိုးသားစေချင်ကြတယ်
ဒါပေမယ့် ငါတို့ကိုယ်တိုင်က မရိုးသားကြဘူး

လူသာလျှင်ရယ်မောတတ်၍
ရယ်စရာကောင်းသည်မှာလည်းလူပဲဖြစ်၏

သေခြင်းတရားအကြောင်းအမြဲတွေးလိုက်ပါ
သင့်အတွေးလည်း သေဆုံးလာပါလိမ့်မည်


(35) စင်မြင့်


😁😁😁(35)😁😁😁

စင်မြင့်
~~~~~~

အတိတ်မေ့တတ်သူတစ်ယောက်ရဲ့လောဘ
ငါ့ မာနကို ဒူဝေဝေ လုပ်တယ်

စိန်ခေါ်သံတွေနဲ့ယဉ်ပါးတဲ့ နား
စက္ကူတစ်ထပ်ကြောင့်တော့ဘယ်တော့မှမဖျားဘူး

ဇာတ်စင်အောက်က ဖိနပ်နဲ့ပေါက်ကြလည်း
အနုပညာသဲအောင် ငါ ဆက် က,မယ်

စံပယ်တွေလက်ခုပ်တီးနေသမျှ
ငါ့အလံဟာ လုံးဝ မ လဲ စေ ရ ဘူး

ငါ့ကဗျာတွေ ရွှေမှုံကျဲတဲ့ နွေရာသီရောက်မှ
ငါ့ကို အရီးလာမတော်ကြနဲ့


(34) ဆရာအိုရဲ့လွမ်းတေး



😁😁😁(34)😁😁😁

ဆရာအိုရဲ့ လွမ်းတေး
~~~~~~~~~~~~~~

သွေးထဲက ယုံကြည်ရာ
ဘဝလက္ခဏာပေါ်မှာ
"ကျောင်းဆရာ.....”

ခေတ်ဆိုးထဲက ပညာရေး
ဒလိမ့်ကောက်ကွေး လူငယ်တွေ
ငါ့ရဲ့ စေတနာမှာ ပျော်ခဲ့သလား

ကြယ်အစင်းစင်း
အလင်းအဖုံဖုံ
ငါ အစွမ်းကုန် မှင်နီသုံးခဲ့ပါတယ်

ကန္တာရ နက္ခတ်ထဲမှာ
နေ့လည်စာ အကြိမ်ကြိမ် ဆွံ့အ
ဒါပေမယ့် ငါ
သတ္တိရှိပြခဲ့တယ်

သမိုင်းရဲ့ ပြန်ပေးဆွဲခံ
ငါ့တပည့်တွေရဲ့ ဘဝနံရံများ
စွတ်စို ပါးလျား နာကျင်
ငါရင်နာလိုက်တာ ကျောင်းကြီးရယ်

အမှောင်သုံးဆယ်
နှင်းရည်စွတ် ညတွေအလယ်မှာ
မြေဖြူလေးတွေ ငိုကြ
တိုက်ပုံလေးတွေ လက်ပြ
ဪ......ငါ.....အသက် ခြောက်ဆယ်ရပြီပဲ

"မင်္ဂလာပါ ဆရာကြီးရှင့်/ခင်ဗျ....”
နားထဲမှာကြားမိတာ ခဏခဏ
ပြန်မရနိုင်တော့တဲ့ သမုဒယရသ
တရေးနိုးမှ ပြန်စဥ်းစား
ဒါ.....အိပ်မက်ပါလားကွယ်

လမ်းပေါ်က ဖြူစိမ်းလေးတွေ
ပျော်ရွှင်မှုနဲ့ ပညာယူနိုင်ပါစေ
တိမ်ပွင့်တွေကို ဆွတ်ခူး
နိုင်ငံ အသစ်သို့ ကူးနိုင်ပါစေ
စစ်မှန်တဲ့ရေလျဥ်မှာ စီးမျော
ချစ်သောပန်းတွေ မွှေးပါစေ
ကျောင်းခေါင်းလောင်းသံ ချိုမြ
စာသင်ခန်းတွေ အကယ်ဒမီရပါစေ


(33) မက်မောစရာ မောစရာ


😁😁😁(33)😁😁😁



မက်မောဖွယ် မောစရာ
~~~~~~~~~~~~~~

လမ်းပေါ်က ကားတစ်စီးကို
စိတ်ကူးချိုချိုကျွေးလိုက်ကြ
မလိမ္မာတဲ့ မနက်ခင်း
ငါ့ကို သီချင်းလုပ်ဆိုတယ်

ခွင့်မရှိဘဲ ငိုမိလို့
သူတို့က သူ့ကို တံဆိပ်တုံးနဲ့တိုင်ပြော
ငါ့ကို ညကြေး ပြောခိုင်းတယ်

မှတ်ပုံတင်ပျောက်သွားတဲ့
တစ္ဆေတစ်ကောင်ထံမှာ
"အချစ်ဟာ....မီးလား....”အော်သံကြားတယ်

Esther ရဲ့ နေ့သစ် အားပေးသံ
မင်္ဂလာပါ ဆရာမထံ ရောက်ပြီလား
ဇေယျာလင်းလည်း ကြားပါစေ

မက်မောစရာများတဲ့ ဒီကမ္ဘာ
ငါတို့ အတူတူ
ရင်ခုန်မောကြတာ
ကဗျာ.........။


(32) ဗီဇခေါ်သံ


😁😁😁(32)😁😁😁


ဗီဇ ခေါ်သံ
~~~~~~~~

ကဗျာကာရန်
အသံစကားလုံး
အရောင်တွေဖုံးထားတဲ့ မြစ်
ချစ်ခြင်းရဲ့ မျက်ရည်ဟာ ဘာလဲ

ဇွန်ပန်းရုံလေး
မွှေးချင်တိုင်းမွှေးပါစေ
တစ်နွေ တစ်မိုး
တစ်ဆောင်းကျိုးလည်းဘာဖြစ်လဲ

ခုခူး
ခုစား
ဒါ အနုပညာလို့ ခေါ်မလား

သွေးတွေ
သွေးတွေ
နာကျင်ခြင်းသွေးတွေ
ခါးသီးခြင်းသွေးတွေ
ဘဝနံရံပေါ်မှာ ခုန်နေကြတယ်

ရပါတယ်
မငိုဘူး
ငိုရလည်း မကြောက်ဘူး
ကြောက်ရလည်း နောက်မဆုတ်ဘူး
အသက်ကို လေလံတင်ပြီးသား

ကဗျာနဲ့ အသက်ရှင်
ကဗျာနဲ့ နေဝင်ချင်သူ
သူ့ကို ကဗျာတွေဆူပါစေအုံး

ဒါမှ
အနုပညာသမား
သူက
ဘီလူးတွေကို လက်ဝါးဖြန့်ပြထားတယ်
လက်ပေါ်မှာ ပြာပူတွေ နွေးနေဆဲ

ဆရာတင်ညွန့်မြိုင်(သာစည်) သို့ ဦးညွတ်ကဗျာ
ဆရာကြီး ကျန်းမာပျော်ရွှင်ပါစေ....


(31) ခေါင်းစဥ်ပျောက်


😁😁😁😁😁(31)😁😁😁😁😁

ခေါင်းစဉ်ပျောက်နေတဲ့ ကဗျာ
~~~~~~~~~~~~~~~~~

သုညတစ်လုံးကပြောတယ်
ငါတို့ ဒီည ကြယ်တွေကြည့်ရအောင်...တဲ့

အခြားကိန်းဂဏန်းတွေက
သုညကို ဘုကြည့်ကြည့်ကြတယ်

အရည်မရ အဖတ်မရကွာ
ငါက အလုပ်ရှိသေးတယ်ဟေ့
အဲကောင် ရူးကြောင်ကြောင်ဖြစ်နေပြီ
............................................
ငြင်းဆန်ဝေဖန်သံတွေ အူသွားတယ်

ဘာပဲဖြစ်ဖြစ်
သုညလေးက အပြုံးမပျက်ပါဘူး
အဲဒီညက သူဘယ်လောက်တောင်ချမ်းမြေ့သွားသလဲ

သူကိုယ်တိုင်.....
ကြယ်လေးတစ်ပွင့်ဖြစ်သွားတဲ့အထိ.......


Sunday, June 7, 2020

(30) ဦးအောင်ကျော်ဆွေ


😁😁😁😁😁(30)😁😁😁😁😁

ကောင်းရာသုဂတိက ဆရာကြီးကို ကြိုနေတယ်
~~~~~~~~~~~~~~~~~~~~~~~~~

အပိုတွေပြောရင်
အငိုတွေရောမိတော့မယ်....

ငါတို့ချစ်တဲ့ ဆရာကြီး
ငါတို့နဲ့ ရင်ခုန်သံတူတဲ့ ဆရာကြီး
၆၆ နှစ်မှာ လူ့ဘဝပြီးပြီ...

အဆုတ်နာရောဂါက
သူ့အသက်ကို နှုတ်ယူ
သူ့တပည့်တွေကို သောကဆူ

လျှာထိုးဦးထုပ်လေးတွေ
နံရံမှာ တစ်လုံးနှစ်လုံး
သူ တစ်သက်လုံး ခေါင်းပေါ်တင်ခဲ့တယ်

သူဆွဲတဲ့ ပန်းချီကားတွေ
ငွေလို တန်ဖိုးမရှိပေမယ့်
သံယောဇဉ်အတိမ်အနက်ကို ပြဆို
သူတို့လည်း ငိုကြပြီ

သူ့ဘဝမှာ
စိတ်ချမ်းသာခြင်းဟာ ပထမ
လွတ်လပ်ခြင်းဟာ ပထမ
ကျန်တာ ဘာမှမရခဲ့ရှာဘူး

ညမွှေးပန်းကို ချစ်တယ်
ရွက်လှပန်းတွေကို ချစ်တယ်
Kiss me quick ကို ချစ်တယ်
ပန်းတွေက ပြန်မချစ်နိုင်တဲ့ ပန်းချစ်သူ

ဆရာဆန်းရေ
ဦထုပ်ကြီး ဆုံးပြီဗျ
ဆရာမိုးရေ
ဦးထုပ်ကြီး ဆုံးပြီဗျ
ဆရာဘုန်းရေ
ဦးထုပ်ကြီး ဆုံးပြီဗျ
ကျွန်တော့်အော်သံ ကျွန်တော်မကြားရတော့ဘူး

လူသားဆန်ခဲ့တဲ့လူအတွက်
ကောင်းရာဂတိဟာ
နွေးထွေးစွာ ကြိုနေမှာပါ....


(29) ဘုန်းကံနည်းတဲ့ မိုးရာသီ


😁😁😁😁😁(29)😁😁😁😁😁

ဘုန်းကံနည်းတဲ့ မိုးရာသီ
~~~~~~~~~~~~~~

သေသေချာချာ အုံ့မှိုင်းခွင့်ရပေမယ့်
သည်းကြီးမည်းကြီး ရွာချခွင့်မရဘူး....

ပူစပ်ပူလောင်လေတွေက
ငရဲပြည်က လာတာလား.....

သူ့ကစားကွင်းမှာ မျက်နှာမရတဲ့တိမ်တွေက
ပင်လယ်ဆီ ဝန်ချတောင်းပန်ကြမလို့...တဲ့

အိမ်ရှေ့က ပိတောက်ပင်ကြီးဟာ
သူ့ဝတ်ရုံကို ချွတ်ချချင်နေတာ ကြာပြီ

ဖားအော်သံက အစစ်လား အတုလား
မိုးခြိမ်းသံက ဒို ရေ လား မီ ဖာ လား

တစ်နေရာမှာ တောင်တွေကို ဖြို လူတွေကို မျို
နောက်တစ်နေရာမှာ ခြောက်ကပ် ပူပြင်း ပိုမို

ဘုရားသခင်ဟာ
ဒီနှစ် ဘာတွေများ စိတ်ညစ်နေပါလိမ့်....


(28) နံရံအလွန်က.....


😁😁😁😁😁(28)😁😁😁😁😁

နံရံအလွန်က အာဃာတများ
********************

ဘုရားအဆူဆူ
ဟောတော်မူခဲ့တယ်
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား....တဲ့....

ငါတို့ရဲ့ နံရံပေါ်မှာ
ဂရုဏာတွေအပြည့်
မေတ္တာတွေအပြည့်
အချင်းချင်း အပြုံးမွေ့နေလိုက်ကြတာ
ပန်းတွေ ရာသီမတိုင်ခင် ပွင့်နေကြသလို....

နံရံရဲ့အလွန်
ငါတို့ရဲ့ အစ္ဈတ္တနွံထဲမှာ
ဣဿာ.......မစ္ဆရိယ....ကိလေသာပိုးတွေတရွရွ
လုံးဝ အကျည်းကျန်လှချည်လား....

အသက်ကြီးသူတွေရဲ့ အတ္တ
အသက်ပိုကြီးသူတွေရဲ့ လောဘ
အသက်အလွန်ကြီးသူတွေရဲ့ တဏှာရာဂ
ကြီးသထက်ကြီးကြီးလာကြသလား....

အဲလို လူတွေကြားမှာ
(ဖြူစင်သော....အတ္တကင်းသော...)
ချစ်ခြင်းနဲ့ မွေ့ပျော်သူတွေ
အနေခက်လိုက်တာနော်.....

ချစ်ခြင်းနဲ့ ကြီးပြင်းခဲ့တဲ့ လူတွေ
ချစ်ခြင်းနဲ့ အလုပ်လုပ်နေတဲ့ လူတွေ
ချစ်ခြင်းနဲ့ ခရီးသွားနေကြတဲ့ လူတွေ
ချစ်ခြင်းကို အသက်လို တန်ဖိုးထားနိုင်ပါစေ....


(27) စတုတ္ထအင်းလေး


😁😁😁😁😁(27)😁😁😁😁😁

စတုတ္ထ အင်းလေး
~~~~~~~~~~~

မနေ့ကလိုပဲ
မိုးတွေ ဆိုင်းမဆင့်ဗုံမဆင့် စဲ

နောက်ကျိနေတဲ့ရေတွေနဲ့
လျှောက်ကြည့်မိနေတဲ့ ငါ့မျက်ဝန်းတွေ
ငယ်ရည်စားကိုပြန်တွေ့သလိုမျိုး

ပထမမြောက်ငါရောက်တုန်းက ဗေဒါတွေ
ခုတော့
အပျိုကြီးဖားဖားတွေ ဖြစ်လို့

လှေလှော်တဲ့လူငယ်လေးက
ဘဝကို
လွယ်လွယ်လှော်နေတာမဟုတ်ဘူး

ငါးထမင်းစားရင်း
စကားအချင်းများနေကြတာ
ရေနွေးကြမ်းရယ် တို့ဟူးကြော်ရယ် ပဲပုပ်ကြော်ရယ်
ရှမ်းသုံးကောင်မဟုတ်ဘူး

ငှက်ကလေးတွေကို ကျွေးဖို့
ဝယ်သွားခဲ့တဲ့ အစာတွေ
အတောင်ပံခတ်သံကို နားစွင့်နေခဲ့မိ

အခုလို
ကောင်းကင်ပြာ ပုန်းကွယ်နေတဲ့နေ့နဲ့
နန်းမွေစံ အိပ်ပျော်နေတဲ့နေ့ဟာ
ထပ်တူကျနေပါလားကွယ်..........


(26) ၄၁ နှစ်ပြည့် မွေးနေ့

😁😁😁😁😁(26)😁😁😁😁😁😁

(၄၁ နှစ်ပြည့် မွေးနေ့အမှတ်တရ ကဗျာ)

♥ ၄၁ ရင်ခုန်သံ ♥
~~~~~~~~~~~~

အသက် ၄၁
ဘဝ ၄၁
ဒဏ်ရာ ၄၁
နှစ်ပေါင်း ၄၁
ပေးခဲ့တဲ့အချစ်တွေက အစစ်လား အတုလား......။

မိုးရာသီမှာ မွေး
မိုးရာသီမှာ တွေး
မိုးရာသီမှာ ဆွေး
မိုးရာသီမှာ ရေးမိတဲ့ ဒီကဗျာ
ငါ့အလွမ်းတွေ အိပ်မောကျနေပါလား........။

ဘဝထဲက အပြုံး
အိပ်မက်ထဲက အပြုံး
မနက်ဖြန်မှာပွင့်မယ့် အပြုံး
မယုံကြည်အပ်တဲ့ အပြုံး
ငါ့နှလုံးသားနဲ့ထပ်တူကျတာ ဘာလဲ.......။

Happiness
Quietness
Peacefulness
Tranquility
ငါ တည်မှီချင်တဲ့ စကားလုံးတွေ
လေးလံနေဆဲ ဝေးပြန်နေမြဲ............ ။

မေမေချစ်တဲ့သားကြီး...တဲ့
မေမေ့ရဲ့နွေးထွေးရာဖြစ်ခွင့်ကိုမျှော်လင့်
ငါ့ကိုယ်ငါ အဆင့်ဆင့်ဆုံးမခဲ့ရတာ
အမေဆိုတာ....
ပေးဆပ်သူသပ်သပ်ပါ...တဲ့...... ။

၄၁ မှာ လိမ္မာပြမယ်
၄၁ မှာ ရိုးသားပြမယ်
၄၁ မှာ ငြိမ်းချမ်းပြမယ်
၄၁ မှာ ရဲရင့်ပြမယ်
အင်း......
၄၁ မှာ ၄၁ ပြမယ်......။


(25) စားသောက်ဆိုင်

😁😁😁😁😁😁(25)😁😁😁😁😁😁

စားသောက်ဆိုင်
~~~~~~~~~~

ညနေကျမှ
ရှိုးပွဲက ပိုစည်တယ်

ဆိုင်ကယ်အမျိုးမျိုး
ကားအသွယ်သွယ်
နေရာလပ်မရှိအောင် ရပ်ဖို့ ညွှန်ပြ
ပါကင်စောင့်ကြီးရဲ့ နှုတ်ကျိုးစကားက
"မင်္ဂလာပါ ဆရာ....” တဲ့....

အကြော်ဆရာလေးက
ခဏနားချိန်လေးမှာ ဂိမ်းဆော့ရင်း
"အမေနဲ့ရွာကို လွမ်းတယ်....”သီချင်းဆို
ဆိုင်ရှင်အပျို ကြီး က
မချို မချဉ် ရယ်မောနေတယ်......

စားပွဲထိုးမိန်းမပျိုလေးတွေ
အလှဆုံးဝတ်ဆင်လို့
အချိုဆုံးပြုံးရွှင်လို့
အတတ်နိုင်ဆုံး ရိုကျိုးလို့
အမေ့ဆေးဖိုးအတွက်
မောင်လေးရဲ့ကျောင်းစရိတ်အတွက်
ဘီယာခွက်ကို ခပ်နွဲ့နွဲ့ကိုင်တတ်နေပြီ.....

Customers ယောက်ျားကြီးတွေ
အလုပ်ကိစ္စ
အမှတ်တရ
အထိမ်းအမှတ်
Bachelor Night
ကြိုက်တဲ့ခေါင်းစဉ်နဲ့
ABC
Myanmar Beer
Grand Royal Whiskey
ကြိုက်တဲ့အရည်တွေ ဖြို ကြ တယ်....

မီတာခပဲတိုးတိုး
ကုန်စျေးနှုန်းပဲတတ်တတ်
စီးပွားပျက်ကိန်းဆိုက်ဆိုက်
"ငါ ကြိုက်လို့ ငါ သောက်တာ....”တဲ့.....

မူးလာတဲ့ အခါ
မြင်ကွင်းထဲက ကောင်မလေးတွေဟာ
ချောမှချော လှမှလှ
စားပွဲထိုးမလေးတွေကို စိမ်းစိမ်းကြီးကြည့်
အမှောင်ဟာ အမှောင်ချင်း ထိသွားကြတယ်...

ငွေရှင်းခါနီးမှာ
မူးကြောင်ကြောင်နဲ့
စိတ်ထဲက ရေတွက်မိတာ
ဘီယာဗူးအပိတ်တွေပေါ်မှာ
"Thank you”ပေါင်း များစွာ......

မနေ့က
ထုတ်ခဲ့မိတဲ့ လစာလေး
မိသားစုအတွက် ကျန်သေးရဲ့လား
ဝေဝါး ထွေပြား

မနက်ဖြန်
ကိုယ့်ကို ပြန်ဧည့်ခံမယ့် မိတ်ဆွေကို တွေးမိလိုက်တာ
သက်ပြင်းဟာ အလျားလိုက်ထွက်သွား
အိမ်ပြန်ချိန်နောက်ကျပြန်ပေါ့လား ကွယ်


(24) ဗစ်တိုးရီးယား

😁😁😁😁😁(24)😁😁😁😁😁

♥သမီးလေး ဗစ်တိုးရီးယားများစွာ သို့ ♥
~~~~~~~~~~~~~~~~~~~~~~

အကုသိုလ်တွေပလူပျံတဲ့ခေတ်
စာနာတဲ့လူတွေ
ညှာတာတဲ့စိတ်တွေ
ဂရုဏာတရားတွေ
အငွေ့ပြန်နေတဲ့......... နိုင်ငံ.....

လူ့သက်တမ်းတိုတို
အမှားတွေအပြိုင်မြိုချတဲ့ ဘဝများ
သမီး၊သား၊မိဘ၊ဆရာ
မိတ်ဆွေ၊ ရင်းနှီး၊ သူစိမ်း ၊သူငါ
ဘယ်လိုပင် စည်းတွေ အမည်ခံခံ
အဝိဇ္ဇာ တဏှာ ရဲ့ အကြံဟာ ပိုမိုပက်စက်......

သမီးလေး ဗစ်တိုးရီးယားရေ
ဝဋ်ကြွေးလို့ မပြောချင်ဘူး
ကံပေါ့လို့ မဆိုချင်ဘူး
အရူးတွေမှိုလိုပေါက်နေတဲ့ ဒီနိုင်ငံမှာ
အမှန်ဟာ အမှားဖြစ်
အမှားဟာ ပြက္ခဒိန် ရဲ့ စကားလုံးရာဇာ
အမှန်ဟာ လူ့ပါးစပ်ရဲ့ဂြိုဟ်စီးဂြိုဟ်နင်း
သမီးလေးရေ
အနာဂတ်ကို သတ္တိနဲ့ပဲ နင်းပါတော့........

သမီးလေး ကျောင်းစတတ်တဲ့အခါ
နိုင်ငံတော်သီချင်းကို မဆိုပါနဲ့တော့
"တရားမျှတ လွတ်လပ်ခြင်း.....”ဟာ
နိုင်ငံတော်အလံရဲ့ အောက်ခြေမှာ
လုံးဝ သေဆုံးသွားပါပြီ.................

"ပြုသူအသစ် ဖြစ်သူအဟောင်း.....”တဲ့
ဆုတ်ကပ်ရဲ့တမန်တော်ဆိုးဟာ
နေရာမရွေး
အချိန်မရွေး
လူတန်းစားမရွေး
အသက်အရွယ်မရွေးဘူး.....သမီးလေးရေ

ဘယ်သူ့ကြောင့်လဲ ဆိုတာထက်
ဘာ့ကြောင့်လဲ ဆိုတဲ့ အဖြေကိုရှာရင်
အားလုံးမှာ တာဝန်ရှိပါတယ်

သမီးလေးလိုဖြစ်ခဲ့တဲ့ ကလေးတွေ
သမီးလေးလို ဖြစ်နေတဲ့ ကလေးတွေ
လွတ်လပ် ပျော်ရွှင် ငြိမ်းအေးဖို့ဆိုတာ
မိသားစု
ပတ်ဝန်းကျင်
နိုင်ငံတော်
အားလုံး အားလုံး အားလုံး
သတိတရားတွေ အိပ်မပျော်ဖို့ လိုပြီ
အသိတရားတွေ စိတ်ဖော်ဖို့ လိုပြီ


(23) နလန်ထကဗျာ


😁😁😁😁(23)😁😁😁😁

နာလန်ထကဗျာ
~~~~~~~~~

ငယ်ငယ်ကလို
လေတံခွန်လေး လွှတ်ချင်လိုက်တာ
မိုးမအုံ့တဲ့ ညနေပြာပြာလေးမှာ.........

နေမကောင်းဖြစ်တော့မှ
လမ်းလျှောက်ချင်တဲ့စိတ်တွေ
ဧရာဝတီမြစ်ပေါ်အထိ ရောက်နေတယ်........

ငါဖျားနာနေတုန်းမှာ
မေမေကပဲ မေတ္တာပို့ပေးမယ်
ချစ်ဇနီးကပဲပြုစုပေးတယ်
ဘုရားသခင်တွေကတော့ မသိဟန်ဆောင်နေကြ
နေကောင်းတော့မှ ပြုံးပြကြတယ်....

ရေအေးအေး
ဘီယာအေးအေး
သီချင်းအေးအေး
ဘာမှမခံစားနိုင်တဲ့ ညတွေကို မုန်းမိတယ်......

အိပ်မပျော်တဲ့ ညများစွာရဲ့အလွန်မှာ
ကျွန်တော်
လက်ညှိုးထိုးပြီး အတ္တတွေကို အန်ချမိတယ်......

မောင်ချောနွယ်
မောင်ညိုမှိုင်း(အင်းဝ)
မောင်သိန်းဇော်
သစ္စာနီ
မြင့်သန်း
ကဗျာတွေအပုံကြီးထွက်ကျလာတော့တယ်......


(22) ကဗျာ

😁😁😁😁(22)😁😁😁😁

ကဗျာ
~~~~~

မခံစားတတ်ဘဲ
မကြိုက်နိုင်တဲ့ အသိပညာ.....

မတတ်မြောက်ဘဲ
မရေးနိုင်တဲ့ အနုပညာ......

မယုံကြည်ဘဲ
မပေးဆပ်ရဲတဲ့ ဝေဒနာ....

မမှန်ကန်ဘဲ
ဘယ်တော့မှ ဖြစ်မလာတဲ့ ရတနာ....


(21) သေမင်းငိုတဲ့နေ့

😁😁😁😁(21)😁😁😁😁

သေမင်းငိုတဲ့နေ့
~~~~~~~~~~

သေမင်းက
အဖြူရောင်ဝတ်စုံကြီးနဲ့
ဒီနေရာကို ရောက်လာတဲ့သူတွေကို ငေးကြည့်နေတယ်

လိပ်ပြာသန့်သူတွေရော
လိပ်ပြာလန့်သူတွေရော
သူ့ကို မမြင်ဟန်ဆောင်ကြ

သေမင်းဟာ
အူယားဖားယား
အုတ်ဂူတွေပေါ်မှာ ပြေးလွှားခုန်ပေါက်
လူတွေကို ကြောက်ကြည့်ကြည့်တယ်

အမျှဝေသံ
ကြေးစည်သံ
သင်္ချိုင်းထဲမှာ ဆူညံ
လိုက်ပါပို့ဆောင်သူတွေထဲက
သေသူရဲ့သက်ဆိုင်သူတွေ
ငိုယိုသံကြားနေရတယ်

အမြဲတမ်းတိတ်ဆိတ်တဲ့ဒီနေရာ
တဒင်္ဂသာ Active ဖြစ်သွား
သေမင်းကို ဂရုမထားတဲ့လူတွေက
သံဝေဂ ဘယ်လောက်ယူသွားကြသလဲ

သေမင်းဟာ
ဟော့ဒီနေရာမှာ
ရင်မောစွာ
သံဝေဂရစွာ
လက်မှိုင်ချပြီး ကျန်ရစ်ခဲ့ရှာတော့တယ်.....


(20) ဂီတ

😁😁😁😁(20)😁😁😁😁

ဂီတ
~~~~~~~

နေရာလွတ်မရှိတဲ့ ပုံသဏ္ဍန်
ဘာအစ္စည်းမှမပါတဲ့ ဒီဇိုင်း
အလျားအနံမရှိတဲ့ စမ်းချောင်း
ငါတို့ကို ဝန်းရံ
ငါတို့ထံ စီးဝင်
ဒါပေမယ့် ဘာအမှတ်အသားမှ မချန်ထားဘူး

အဓိပ္ပါယ်မလိုတဲ့ ပြောစကား
မျက်လုံးများမရှိတဲ့ မျက်ရည်တွေ
နှုတ်ခမ်းတွေမလိုတဲ့ ရယ်သံများ
ငါတို့ကိုဖွင့်ဟပြောကြား
ဒါပေမယ့် ဘာသဲလွန်စမှ ချန်မထားဘူး

ပယ်လယ်မရှိတဲ့ လှိုင်းတွေ
ငါတို့အပေါ် တိုးဝှေ့ ချော့မြှူ
လက်ချောင်းတွေမရှိတဲ့ လက်
ငါတို့ကိုဆုပ်ကိုင် ဂရုစိုက်
ငှက်တွေမရှိတဲ့ အတောင်ပံတွေ
ငါတို့ကိုမြှင့်တင် သယ်ဆောင်
နှလုံးသားဟာအယောင်ဆောင်ကင်းမဲ့တဲ့အခါ.........


(19) သောကြာနေ့ကို.....


😁😁😁😁😁(19)😁😁😁😁😁

သောကြာနေ့ကိုအပိုင်ရသွားတဲ့ ကဗျာ
~~~~~~~~~~~~~~~~~~~~~

လက်ခမောင်းခတ်
မိုးရေ
ဒေါ်လာဈေး
ဘယာကြော်
၄၁
စက္ကူစွန်
ကျွန်တော်သည် သန်းတစ်ကောင်ဖြစ်ပါသည်။

နားထောင်စမ်း
ငါထင်သားပဲ
အယ့်လယ်
မင်း ထွက်သွားလိုက်ပါတော့
အား...မွှေးလိုက်တာ
ခန္တီစ
ကျွန်တော်သည် လကွယ်ည ဖြစ်ပါသည်။

အလိမ်ဖော်စက်
ခါးကြားက အပ်
ဥပေဒ
နွေရာသီ
လူကြီးလူယုတ်
ငရဲသား
ကျွန်တော်သည် မုန့်ဖက်ထုပ် ဖြစ်ပါသည်။

အလုပ်
အလုပ်
အလုပ်
ရေဆာလိုက်တာ
နံရံပေါ်က လစာ
ခေါင်းပေါ်က ညစာ
အချစ်
လောကဓံ
ကျွန်တော်သည် ခြေသုတ်ဖုံ ဖြစ်ပါသည်။

Money Drop
Myanmar Beer
Music
ကတီပါသား
ခြေဖဝါး
အရောင်စုံ
ဟန်ဆောင်အပြုံး
ကျွန်တော်သည် ပိုးဖလံတစ်ကောင် ဖြစ်ပါသည်။

တေဘုမ္မာ
မျက်ဖြေလင်္ကာ
မနေ့က accident
ငလျင်
နှင်းဆီပန်းခွေ
အအာအီရောဂါ
ချိုကျတစ်ခွက်
ကျွန်တော်သည် ယမမင်း ဖြစ်ပါသည်။

လေပေါတဲ့သူငယ်ချင်း
၁၉၉၇
"ပန်းခေတ်” ဘယ်မှာလဲ
ညနေ
ငြိမ်
အမှောင်ကဇာတ်လိုက်ဖြစ်
လွမ်းတယ်
ကျွန်တော်က နတ်ရှင်နောင် မဟုတ်ချင်ခဲ့ပါ။