Tuesday, December 30, 2014

My father

တိုင်တည်သံ
...................
(အဖေ........)
ရင်ထဲကခေါ်သံတွေဟာ
ရင်ထဲမှာပဲ ကွယ်ပျောက်
သား ကြောက်ခဲ့ရတဲ့ အဖေ
သား ချစ်ခဲ့ရတဲ့ အဖေ
သား ဂုဏ်ယူခဲ့ရတဲ့အဖေ
ဘယ်ဘ၀ကိုရောက်နေပါလဲ......

အဖေ....
အကြိမ်တစ်ရာပြည့်အောင်
မခေါ်လိုက်ရခင်မှာ
သားတို့ ဘ၀ထဲကထွက်ခွါ
မိသားစုဆိုတာ ဘာလဲ ဟင်......

ဟို စာအုပ်ထူထူကြီးထဲက
ဝဋ်ကြွေး ဆိုတဲ့စကားဟာ
အဖေ့ကို ရည်ညွှန်းတာလား
သားတို့အတွက် ဖြစ်ခဲ့တာလား
ဘ၀ခြားသွားတဲ့အဖေရယ်
သား.ဒီအရွယ်ရောက်ပေမယ့်
အဖေ့ရဲ့ အကြင်နာအပြုံးတွေကို
ရင်နာမအုံးအောင် မှတ်မိသတိရ
အဖေ့ကိုပြန်ပြီး တောင့်တခဲ့ဖူးတယ်

" ဘယ်အခြေနေရောက်ရောက်
ရိုးသားနိုင်ရမယ်..."တဲ့
အဖေပြောခဲ့စကား
အစွမ်းကုန်ကြိုးစားလိုက်နာ
ဒါပေမယ့် အဖေရယ်......
ဟောဒီ ဆုတ်ကပ်လောကအလယ်မှာ
သား အခါခါရင်မော
ရိုးသားခြင်းနဲ့ ဝေးလိုက်နီးလိုက်
အကြိမ်ကြိမ် မိုက်ခဲ့ဖူးတယ်

ဘယ်တော့မှအစားမထိုးနိုင်တော့တဲ့
အဖေ့ရဲ့နေရာမှာ
အဖေရှာခဲ့တဲ့ သံစဉ်
အဖေမြင်ခဲ့တဲ့ တရားဓမ္မ
အဖေရခဲ့တဲ့ ကဗျာဝိဉာဉ်
သားရဲ့နှလုံးသားမှာရှင်သန်ဆဲ
ဒါ အမွေပဲပေါ့နော်

လောကအလယ်မှာ
အဖေမပါတဲ့မိသားစုတစ်ခု
အမေ့ကိုအမှီပြုပြီး
သားတို့ကြီးပြင်းအရွယ်ရောက်
လောကဓံကိုဒူးမထောက်ခဲ့ပါဘူး
ကြည်နူးနေတဲ့အဖေ့အပြုံးဟာ
သားတို့ရင်ထဲမှာအမြဲရှိ
မိုးကောင်းကင်ကြီးသိပါတယ်

အဖေရှင်သန်ခွင့်မရတဲ့
သားတို့ရဲ့လက်ရှိလောကဟာ
မေတ္တာ စေတနာ ပျောက်ဆုံး
အမုန်း မစ္ဆိယအဖြာဖြာ
နှင်းမိုးပမာရွာသွန်း
စိုပဲစိုနိုင်လွန်းတယ် အဖေ.......

ဒါပေမယ့်အဖေ
သားရှင်သန်နေသမျှ
ဟောဒီ ဘဝတိုတိုလေးမှာ
ကဗျာကိုအဖော်ပြုရင်း
အတ္တသီချင်းကို ဟစ်ကြွေး
ကိုယ်ချင်းစာစိတ်ကိုမွေးမြူ
ဆင်ခြင်မှုကို ထူထောင်
ဘဝကိုအောင်မြင်အောင်တည်ဆောက်
စစ်မှန်တဲ့ချမ်းသာခြင်းကိုရည်မှန်း
ပစ္စုပ္ပန်တိုင်းမှာ.....
လန်းဆန်းနေပါ့မယ် အဖေ.....
        
          4.2.1999

No comments:

Post a Comment