Sunday, June 7, 2020

(8) လက်ကျန်မိုး

😁😁😁😁(8)😁😁😁😁

လက်ကျန်မိုး
~~~~~~~~

ငါဟာ
သမုဒ္ဒရာထဲမှာ နင်နေတဲ့ ရေခိုးရေငွေ့တွေလား

ကောင်းကင်ကြီးက
ငါ့ကို အမေ့ကြီးမေ့
နေမင်းကြီးက
ငါ့ကို လူတွေနဲ့တွေ့မပေးရဲတာလား

ကံဆိုးမ သွားတဲ့နေရာ
ငါ မရွာချင်ဘူး
လမင်းကြီးငြူစူတာမခံရဖို့
ငါ
လေထဲမှာ ခပ်ယို့ယို့ နေခဲ့မိတယ်

တကယ်တော့
အချိန်ကာလဟာ တရားခံပဲ
သို့မဟုတ်
စီရင်ချက်ချသူပဲ

လေထဲမှာ တိမ်အဖြစ်နဲ့ပုန်းနေတဲ့ငါ
အဲဒီညမှာ
နှင်းစက်လေးတွေနဲ့စကားစမြည်
ကျုပ်တို့ ဆောင်းပီသချင်လှပြီ တဲ့

ကမ္ဘာစောင့်ဘိုးဘိုးကြီးက
ငါ့ကို မျက်မာန်ရှ
"မင်း....မြေပေါ်ဆင်းတော့ဟ...”တဲ့

ဆောင်းပန်းလေးတွေရဲ့ တောင်းပန်သံ
ဒီဇင်ဘာရဲ့ ညည်းညူသံ
ပိုလာဝက်ဝံတွေရဲ့ အော်ဟစ်သံ
ငါ့ကြောင့် ဆူညံနေကြပါလား

ငါ
စာနာ ခွင့်လွှတ် နားလည်
မျက်ရည်အဖြစ်သွန်းဖြိုးလိုက်တော့တယ်


Saturday, June 6, 2020

(7) ယမန်နေ့က သတင်းများ


😁😁😁😁(7)😁😁😁😁

ယမန်နေ့က သတင်းများ
~~~~~~~~~~~~~~

စသည်ဖြင့်
ငါတို့ မူးခဲ့ကြသည်

သိမ်းထားသော မနက်ဖြန်များ
ဝှက်ထားသော အပြုံးများ
ပြိုင်တူချမပြခင်
ငါတို့အတူတူ "ဟင်...”ခဲ့ကြသည်

ယုံကြည်အပ်သော စကား
မယုံကြည်အပ်သော မျက်လုံး
တစ်ယောက်တည်းအသုံးပြုသောအခါ
ငါတို့ဘာကိုလက်ခုပ်တီးရမှာလဲ

နုညံ့သော သေခြင်းတရား
သိမ်မွေ့သော နေခြင်းတရား
ငါတို့ရွေးချယ်နေတာ ပထမအရာလား

မွှေးပျံ့သော ဆုံဆည်းမှု
နွေးသန့်သော ခွဲခွာမှု
ဘယ်သူ့ထံမှာ တုပကြမှာလဲ

ဇုနတ်မင်းကြီးဟာ
ယမန်နေ့က
ချောင်းဆိုးသေးပါ
နေမကောင်းဖြစ်ခဲ့တာကြာပေါ့

ဟောဒီကမ္ဘာကြီး
ပြားပြားလုံးလုံး
ငါတို့ တစ်ဘဝလုံး ရိုးသားကြရအောင်

နွေမှာပွင့်တဲ့ပန်းဝါဝါ တွေ
ဝေဒနာလွင့်ခဲ့လန်းဖြာပါစေ
သင်္ကြန်မိုးရေ....Ready ဖြစ်နေပါ

ဝါးမြိုခံရသော ကိုယ်ကျင့်သီလ
ဇွတ်နေရာယူလာသော ကောသလအိပ်မက်များ
ငါတို့ ဘုရား,တမလား အားကျမလား

နေရောင်ခြည်သည်
မည်သို့ပင်ဆိုစေ
ပူပြင်းလင်းရှနေအုံးမည်

အမှန်တရားသည်
တခါတရံ....(Sorry..)...အမြဲတမ်း
ငါတို့ ကြောက်ရသောလက်နက်တစ်ခုဖြစ်သည်

ထို့ကြောင့်
မှားယွင်းမှုခံတပ်များ
ထပ်မံမြင့်မားကြပါစို့
လိမ်ညာမှုတောအုပ်ထဲမှာ
ထပ်မံနမောတဿကြပါစို့


(6) ပျက်လုံး


😁😁😁😁😁(6)😁😁😁😁

ပျက်လုံး
~~~~~

ငါ့လက်ထဲက ဓား
ငါ့ကို ချိန်ထားတယ်......။

ဟိုနေ့ကတွေ့လိုက်ရတဲ့
နာရီထူထူနဲ့လူကြီး
ငါ့အမြီးကို ဝင်ကိုက်တယ်......။

"လူ = ? ”
သူ့ကို ထပ်တလဲလဲမေးကြည့်တော့
မိုးရွာတော့မယ် ပြန်ပြီ တဲ့.........။

အဲဒီနေ့က
ငါ့ရယ်သံဟာ
စက်ရုပ်အော်သံပေါက်နေတော့တယ်.....။


(5) အသံစူးစူး


😁😁😁😁😁(5)😁😁😁😁😁

ထပ်ခါထပ်ခါ မျှော်မောနေတဲ့ အသံစူးစူး
~~~~~~~~~~~~~~~~~~~~~~~

ကုန်တင်ကားကြီး
တောင်ပေါ်ခရီး
ဖုန်တွေချည်းပဲပါလား

ကားဆရာ
ခပ်ငယ်ငယ်
အသက်နှစ်ဆယ်ကျော်
ကွမ်းတပျစ်ပျစ်
လက်တွေပေညစ်ညစ်

စားဝတ်နေရေး
သူ မတွေးပဲနေမလား
အမေအို
အဖေအို
ညတွေဆို သူ့အတွက်မေတ္တာပို့
"....တို့သားလေး အန္တရာယ်ကင်းပါစေ...”

တောအထပ်ထပ်
တောင်အဆင့်ဆင့်
အစိမ်းရောင်ဝင့်နေတဲ့လမ်း
လွမ်းစရာမရှိ
ဆွေးစရာနတ္ထိ
ဆိုမိတဲ့သီချင်းစာသား
"....မေမေချစ်တဲ့...သားကြီး....”

စာမဖတ်တတ်ဘူး
စာမရေးတတ်ဘူး
ဒါပေမယ့်
မိသားစုကိုအရူးအမူးချစ်
အားလုံးအတွက် သူ အနစ်နာခံ
ဒါ လူမှန်လိုက်တာကွယ်

ကားမောင်းလို့ရတဲ့ပိုက်ဆံ
အမေ့ထံ
အဖေ့ထံ
ညီလေးထံ
ညီမလေးထံ
သူ ပျော်ရွှင်တာ တန်လိုက်တာ

သူ့ခန္ဓာဟာ
အမြဲတမ်း ပေတူးမဲညစ်
ဒါပေမယ့်
ဖြူစင်တဲ့ မေတ္တာစစ်တွေ
သူ့ မိတ်ဆွေတွေအတွက်
သူ့ မိသားစုအတွက်
ဖွေးလက်တောက်ပနေပြန်တယ်

တကယ်တော့
သူကိုယ်တိုင်ဟာ
တာဝန်တွေသယ်ဆောင်လာတဲ့
မျှော်လင့်ချက်တွေအပြည့်ပါတဲ့
ကုန်တင်ကားတစ်စီးပါပဲ


(4) ကျွန်မ သို့မဟုတ် နေကြာပန်း






😁😁😁😁😁(4)😁😁😁😁😁

ကျွန်မ (သို့မဟုတ်) နေကြာပန်း
~~~~~~~~~~~~~~~~~

နေကြာပန်းတွေရဲ့ ရင်ခွင်ထဲမှာ
ကျွန်မရောက်နေတယ်.....

နေပူပူ
ရေဆူဆူမှာ
အရွယ်ရောက်လာတဲ့ကျွန်မ
ဘဝဆိုတာ
တိမ်မဲ့ကောင်းကင်အောက်က အသက်ရှုသံလား

"ဖေဖေရေ
ဟော့ဒီ နေကြာတစ်ပွင့်ဟာသမီးပါ
ဟော့ဒီ နေကြာပန်းအားလုံးဟာသမီးပါ
မကြောက်ဘူး
သမီးဘာကိုမှမကြောက်ဘူး
လောကဓံဘယ်လောက်မိုးကောင်းကောင်း
သမီးစိတ်ခမောင်းခတ်နေမယ် ဖေဖေ”

အဝါရောင်ဆိုတာ
သတိရခြင်း စွမ်းအင်
အပြုသဘောအမြင်
ကြည်လင် ပျော်ရွှင်
ဥာဏ်အမြော်အမြင် တဲ့
ကျွန်မဖြစ်နေတဲ့ဘဝ
ကျွန်မရနေတဲ့အခြေအနေ
ကျွန်မရောက်နေတဲ့နေရာ
ချစ်ခြင်းမေတ္တာ.......တည်ပါစေ......

ညီညီညွတ်ညွတ်
ရဲရဲရင့်ရင့်
လွင့်လွင့်ချီချီ
နေရောင်ခြည်အောက်မှာ
နေကြာတွေ.....
ပွင့်ပွင့်လင်းလင်းပွင့်နေကြသလို
ကျွန်မ.....ဘဝကို ထမင်းစားရေသောက်ပြမယ်

မေမေကပြောပြဖူးတယ်
"မိန်းကလေးဆိုတာ
အားနွဲ့သူလို့ ဘယ်တော့မှ မတွေးနဲ့.....
ဒါပေမယ့်
ပျော့ပျောင်း ညင်သာ
စာရိတ္တသတ္တိရှိပါ.....”တဲ့

ကျွန်မရဲ့ရင်ခွင်ထဲမှာ
နေကြာပန်းပေါင်းများစွာ
လှလှပပ
ဖူးပွင့်နေကြပါတယ်......


(3) ကျိုက်ထီးရိုးနဲ့မိုး


😁😁😁😁(3)😁😁😁😁

ကျိုက်ထီးရိုး နဲ့ မိုး
~~~~~~~~~~

တိမ်တွေက
တောင်တွေကို ထွေးပွေ့ထားတယ်

တောင်တွေက
တိမ်တွေကို နမ်းရှိုက်နေတယ်

မိုးစက်ကလေးတွေက
ဘုရားရင်ပြင်ပေါ်မှာ
ညွတ်နူးစွာ
သိမ်မွေ့စွာ
လှပစွာ
ကြည်ညိုနေကြတယ်

ဖူးရခဲတဲ့ဘုရား
ရောက်ဖြစ်ခဲတဲ့နေရာ
အဆင်းအတက်ဟာ မတ်စောက်နိမ့်လျော
ဝါးပင်လေးတွေကပြောတယ်
မကြောက်ကြပါနဲ့ တဲ့

အလွန်လှတဲ့
မွန်မလေးတွေက
ငါ့ကို ပြုံးပြသလား
မိုးကာအင်္ကျီရောင်းနေသူတွေ
ဘုရားဆွမ်းတော်ရောင်းနေသူတွေ
အဆင်ပြေကြပါစေ မေတ္တာပို့
ငါတို့ သံသရာခရီသွားအတူတူမို့လား

သိကြားမင်းတည်ခဲ့တဲ့ဘုရား
ရာဇဝင်ဟာ ထူးခြားဆန်းကြယ်
ရောက်လာသူတွေကို အံ့ဩစေတယ်လေ

ကျိုက်ထီးရိုးဘုရား
ဖူးခွင့်ရဖို့ကြိုးစားသလို
ငါတို့
အရိမေတ္တရမြတ်စွာဘုရား
ဖူးခွင့်ရဖို့ကြိုးစားကြမယ်
သီလ သမာဓိ မြဲစေကွယ်
ပညာ ဓမ္မအသိ စွဲနေမယ်



(2) You are VIP.


😁😁😁😁😁(2)😁😁😁😁😁

You are VIP
~~~~~~~~~

ခရီးသည်တွေစိတ်တိုင်းကျ
ဂရုတစိုက် လိုက်ပို့ရတဲ့ခဏ
ဆိုက်ကားသမားဘဝ နိမ့်ကျလိုက်တာ မတွေးပါနဲ့
သင့်တာဝန်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ

နေပူ မိုးရွာ နှင်းရွှဲ
လယ်တောထဲမှာအချိန်ကုန်
ပင်ပန်းနွယ်နယ်ရုံမျှမက
လူဖြစ်ရတာမတန်လိုက်တာမထင်ပါနဲ့
သင့်တာဝန်သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ

မလောက်ငတဲ့လစာနဲ့
မူလတန်းပြဆရာမရဲ့ဘဝ
အားငယ်ရလိုက်တာမတွေးပါနဲ့
သင့်စေတနာ ဖြူစင်ဝင်းပ
သင့်တာဝန် သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ

Company တစ်ခုမှာ
အိမ်သာသန့်ရှင်း ဧည့်ခန်းသန့်ရှင်း
လူတိုင်းရဲ့အထင်သေးခြင်းခံရတဲ့သင်ဟာ
မရွံမရှာ မေတ္တာပါပါ
သင့်တာဝန် သင်ကျေပွန်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ

သင်ဟာ
ဘာအလုပ်ပဲ လုပ်လုပ်
ဘယ်လောက်ဝင်ငွေပဲ ရရ
သင့်အလုပ် အကုသိုလ်ကင်းနေသမျှ
သင့်စိတ်စေတနာ ဖြူစင်နေသမျှ
သင်ဟာ အရေးပါတဲ့လူတစ်ယောက်ပါ
(ထပ်ပြောပါရစေ)
သင်ဟာ အရေးကြီးတဲ့လူတစ်ယောက်ပါ