Tuesday, May 14, 2024

ကောက်ချက်

 ကောက်ချက်

~~~~~~~~~


နောက်ကျတဲ့ သင်္ကြန်မိုး

စိတ်မဆိုးတော့ပါဘူး


ငါ့တို့တစ်မြို့လုံး

ပိတောက်တွေ 

ဝုန်းခနဲ ပွင့်လိုက်ကြတာ


သွားလေရာ မွှေးရနံ့တွေ ထုံမြ

မိန်းမပျိုတိုင်းရဲ့ ဆံကေသာ

အဝါရောင်နဲ့ လှနေလိုက်ကြတာ


ပိတောက်တွေ အချိန်မှန်ပွင့်ဖို့

မိုးလေဝသ မှန်ရမယ်

မိုးလေဝသမှန်ဖို့

လူတွေ ကိုယ်ကျင့်တရားကောင်းရမယ် တဲ့


သစ္စာတရားဆိုတာ......။



Wednesday, June 10, 2020

(40) ကဗျာသမား၏ ဘဝတံခါး

😁😁😁 Poem (40) 😁😁😁

ကဗျာသမား၏ဘဝတံခါး
~~~~~~~~~~~~~~

ငါ့စိတ်ကူးတွေကိုလေလံတင်လိုက်တာ
စီးပွားရေးသမားတွေအတွက်ရယ်စရာ

ရေးလက်စကဗျာတစ်ပုဒ်
ဆွဲလက်စပန်းချီတစ်ကား
ရှာလက်စသံစဉ်တစ်ခု
ညနေခင်းကို အပြိုင်လုကြတယ်

မနေ့ကတွေ့ခဲ့တဲ့မိုးစက်လေးတွေ
ဒီနေ့ကျမှ ထကြွေ
တိမ်ကလေးရေ ကျေးဇူးပါ

ဘဝတစ်ခုနဲ့ပျော်ရွှင်မှုစစ်စစ်ဟာ
ဘယ်နေရာမှာ ချိန်းတွေ့ကြသလဲ
ဘယ်အချိန်မှာ ရည်ငံကြသလဲ
ငွေစက္ကူတွေမကျဲနဲ့နော်

ချစ်သူရေ...
မင်း ယုံကြည်တဲ့မေတ္တာ
ငါ ပေးချင်တဲ့အကြင်နာ
ဘဝမှာ တန်ခိုးအကြီးဆုံးပါကွာ

ပန်းတွေပွင့်နေသမျှ
သက်တံကြီးကိုင်းနေသမျှ
ငှက်ကလေးတွေတေးသီနေသမျှ
ငါတို့ဘဝတွေ ပြည့်စုံနေမှာပါ


(39) နှင်းကိုသိမ်းထားတဲ့ဆောင်း


Poem (39) 😁😁

နှင်းကို သိမ်းထားတဲ့ ဆောင်း
~~~~~~~~~~~~~~~~~~

အပေါစား ပျော်စရာတွေ
ငါတို့ လူ့အဖွဲ့အစည်းထဲ စိမ့်ဝင်
ကမ္ဘာတစ်ဆင်စာ ရှိပြီ

ပြိုင်ဆိုင်မှုတွေနဲ့
အပြိုင်အဆိုင်ဖြစ်နေတဲ့ ပတ်ဝန်းကျင်ထဲက
ငါ့ကို နှုတ်ထွက်ခွင့်ပြုကြပါ

ဘာကိုအဟုတ်ထင်ပြီး
ဘာကိုအံအားသင့်ရမှာလဲ
ငါ့နာမည်ကို ရဲရဲဖယ်ထားလိုက်ကြ

ငြိမ်သက်မှုကို
တိုက်ရိုက်ထိတွေ့ခံစား
တပ်မက်ခြင်း နတ္ထိဘဝ ငါ ရချင်လှပြီ

ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်း
လောကဓံမြှားအစင်းစင်းက
စိတ်အေးချမ်းမှုကို မွချေ
နှစ်ပေါင်းများစွာ နာကျင်နေပြီ

ဘယ်သူ့ဆီကမှ
ဘာမှ မတောင်းခံခဲ့တဲ့ လူတစ်ယောက်
အိပ်မက်တွေနဲ့ မှောက်လျက်လဲ
ဘယ်မှာလဲ စစ်မှန်တဲ့ဆက်ဆံရေး

တစ်ခုခုရဖို့  ပြံးပြကြသူတွေ
တစ်ခုခုယူဖို့  လက်ကမ်းသူတွေ
မုန့်ဟင်းခါးအရည် ထပ်ထည့်ကြပါ

ဘာကောင်မှမဟုတ်တဲ့ ငါ့ကို
ဘာကောင်မှမဟုတ်တဲ့ ဂဏန်းကြီးက
တယ်လီဖုန်းနံပါတ်ပေးသွားတယ်

ဆောင်းရေ
နှင်းတွေကို တသုန်သုန်ရွာချ
ငါ့ကို အေးချမ်းမှုရသ ပေးပါ


(38) နှစ်သစ်ကဗျာ

😁😁😁(38)😁😁😁

နှစ်သစ်ကဗျာ
~~~~~~~~~~

စားပွဲတင်နာရီက
ခြောက်ကပ်ကပ် ရယ်တယ်
ဥဩ....ဥဩ.....တဲ့

၂၀၁၉ မြေ ရေ လေ မီး
အိမ်ပြန်ခရီးမှာ တေးချင်းညည်းတယ်
အပ္ပမာ ဒေန သမ္မာဒေထ....တဲ့

မနေ့ညက အဝိဇ္ဇာ live show မှာ
ကြော်ငြာတစ်ခု ထပ်တိုးလာတယ်
အတူတူ ခုန်ကြမယ်.....တဲ့

နာမည်မရသေးတဲ့ ငါ့ကဗျာက
အားပါးတရ ထအော်တယ်
ဝါး...ဝါး....ဝါး...ဝါး....

၁၂နာရီတိတိ၂၀၂၀ က
အားလုံးအတွက် နှုတ်ဆက်ပြတယ်
ပျော်ရွှင်ခြင်းဟာ သင့်လက်ထဲမယ်...တဲ့

Yes,
Happiness is in my hand.


(37) ဦးပိန်တံတား


😁😁😁(37)😁😁😁

ဦးပိန်တံတားပေါ်က ညနေခင်း
~~~~~~~~~~~~~~~~~~

လေညင်းလေးတွေက
ညနေကို အေးမြစေတယ်

တံတားပေါ်မှာ
လမ်းလျှောက်သူတွေ
လမ်းပျောက်သူတွေ
စျေးရောင်းသူတွေ
လေညင်းကို ဆယ်လီထင်နေကြတယ်

ဗေဒါပင်လေးတွေ
ပျော်ပါစေ
ရေပျော်ငှက်လေးတွေ
လွတ်လပ်ပါစေ
တံငါသည်လေးတွေ
ဝမ်းစာရွှင်ပါစေ
ငါးကလေးတွေ
အန္တရာယ်ကင်းပါစေ

ပါးချိုင့်လေး စားသောက်ဆိုင်မှာ
ငါတို့ စားခဲ့တဲ့ အကြော်စုံ
ငါတို့ ငုံခဲ့တဲ့ ဘီယာအကုန်
ခုဆို ဘယ်ဘုံမှာ ရောက်နေပါလိမ့်

အပြိုင်အဆိုင်
ဓာတ်ပုံရိုက်ကြတဲ့ လူငယ်လေးတွေ
လှကြပါစေ
ချစ်စရာကောင်းကြပါစေ
ငါတို့ရိုက်တဲ့ဓာတ်ပုံတွေလည်း
မနည်းဘူးလေ

ကျွန်းတိုင်အိုအိုကြီးတွေက
အမှီခံရတာကို ဂုဏ်ယူကြ
သူတို့ရဲ့ ရင့်ကျက်ခြင်းဟာ
ဘဝ ကို အဓိပ္ပါယ်ဖော်ပြနေသလို

ဟိုဘက်ကမ်းက
ထုံးဖြူဖြူစေတီနှစ်ဆူ
ငါတို့ကို သီလယူကြဖို့
အကြိမ်ကြိမ်ညှို့နေကြပါလား

မကြည့်ဘဲမြင်နေရတဲ့
ပေါင်ပေါ် ဒူးပေါ် lady လေးတွေ
ဒီကဗျာထဲမှာ ဘာလို့နေရာယူတာလဲ

ကိုရင်လေးနှစ်ပါး
တံတားအလယ်က ဇရပ်မှာ အနားယူ
သေခိယသိက္ခာပုဒ်တွေကို ချူနေကြသလား

Foreigner တွေ အချင်းချင်း
တောင်သမန်အင်းကို အချစ်ထူ
ပလက်စတစ်တွေကိုတော့ ငြူစူတာပေါ့

ကမ်းကပ်ဗေဒါတွေ
လွမ်းရက်တွေတာရှည်ရော့သလား
ဦပိန်ဟာ
ဖျားနာနေတာ ကြာပြီ
ဦပိန်ဟာ
စိတ်နာနေတာ ကြာပြီ

တောင်မင်းကြီးဘုရားထံမှာ
ငါတို့ ဘာတွေ ဆုတောင်းခဲ့ပါလိမ့်
အသိဉာဏ်
ရင်နှီးမှု
ဓနဥစ္စာ
ဘယ်အရာဟာ တန်ဖိုးအစစ်လဲ

ခရေပင်ကြီးတွေပေါ်က
ကြွေကျလာတဲ့ နွမ်းလျလေးများ
သတ္တိ ခွန်အား
ငါတို့ အတုယူသွားကြရအောင်

ဦးပိန်ရေ
ချစ်ခြင်းတွေနဲ့ ငါတို့ လာခဲ့ကြတယ်
လွမ်းခြင်းတွေနဲ့ ငါတို့ ပြန်ခဲ့ကြပါပြီ


(36) ပျက်လုံးများ


😁😁😁(36)😁😁😁

ပျက်လုံးများ
~~~~~~~~~

ဘာမှမလုပ်ဘဲနေရတာအရမ်းခက်တယ်
ဒါပေမယ့်ငါတို့အခက်အခဲကိုမကြောက်ဘူး

စွန့်လွှတ်ဖို့စဉ်းစားမိတိုင်း
စဉ်းစားခြင်းကိုမြန်မြန်စွန့်လွှတ်လိုက်ရတယ်

ငါတို့က သူများတွေကိုရိုးသားစေချင်ကြတယ်
ဒါပေမယ့် ငါတို့ကိုယ်တိုင်က မရိုးသားကြဘူး

လူသာလျှင်ရယ်မောတတ်၍
ရယ်စရာကောင်းသည်မှာလည်းလူပဲဖြစ်၏

သေခြင်းတရားအကြောင်းအမြဲတွေးလိုက်ပါ
သင့်အတွေးလည်း သေဆုံးလာပါလိမ့်မည်