Saturday, December 21, 2019

(1) မြစ်





😁😁😁 (1) 😁😁😁

မြစ်
~~~

စီးဆင်းမှုဟာ
ထိတ်ထိတ်ပြာပြာ
ဒါပေမယ့် နောက်မဆုတ်ဘူးး

သမိုင်းထဲက
အမှိုက်ဆိုးတွေကိုသယ်ဆောင်
သူတော်ကောင်းယောင် မဆောင်ဘူး

သဲပြင်
ကမ်းပါး
ရေအား
ကိုင်းပင်များ
တစ်ခုတည်းဖွဲ့ထားတဲ့ဒဏ်ရာ
ဒီနေ့ ဘယ်သူ ရေသောက်လာမလဲ

တောင်ပေါ်ကျရေနီတွေ
မြို့ရွာတွေဆီကရေညစ်တွေ
သူ့ဝမ်းဗိုက်ထဲမှာ Night Club ကျင်းပ
ဖွင့်ထားတဲ့သီချင်းက "အမဲလိုက်အက”

မြေနုကျွန်းပေါ်က
ပြောင်းဖူးခင်းထဲ
မြေပဲခင်းထဲ
ပဲခင်းထဲ
ဆယ်ဖီဆွဲနေတဲ့ ကောင်မလေး
"ငါ့ကို နားလည်ပေးပါ...”
မြစ်ဟာ
အတွေး ခွာပြီး ပြောနေလေရဲ့

မန်ကျည်း တမာ
စိန်ပန်းပြာ ခရေပွင့်
သူ့ကို စွဲနင့်ပြီးချစ်ကြသူတွေက
"ရာဇဝင်ထဲက သတို့သမီး ထလော့”တဲ့

ကမ်းပါးဦးမှာ
ဆည်းလည်းသံသာယာပါဘိ
ဘုရားရင်ပြင်ပေါ်ကကြည့်နေတဲ့
ချစ်သူမောင်နှံတို့ရဲ့ တီးတိုးသံထဲမှာ
"မြစ်ကြီးက လှလိုက်တာ”တဲ့
မပြုံးရဲတဲ့ ဒီမြစ်ဟာ
တိုးတိတ်စွာရင်မော
စိုးထိတ်နာကျင်သော.....

ဒီမြစ်ဟာ
မောဟထူတဲ့ လူတွေလက်ထဲမှာ
လောဘအူတဲ့ လူတွေလက်အောက်မှာ
အကြိမ်ကြိမ်အခါခါရှူံး
သူ့ရင်ဘတ်ကြီး ခုံး ခုံးလာခဲ့တယ်

သမ္ဗာန်ခတ်နေသူတွေ
ငါးဖမ်းလှေ လှော်နေသူတွေ
စက်လှေမောင်းနေသူတွေ
နိစ္စဓူဝ ငြူစူ ဖျစ်ညှစ်
"ပလက်စတစ်တွေ..... ”တဲ့လေ

ဟိုး.....ခပ်ဝေးဝေးက
သေးပျပျ တဲအိုကလေး
ရေကြည်ပေးပါ
ရေကြည်ပေးပါ

အဖိုးအိုတစ်ယောက်ရဲ့ လွမ်းမောသံ
မြစ်ဟာ မျက်ရည်နဲ့ကျောခိုင်းမိပြန်

ဗျိုင်း ဝမ်းဘဲ
ရေကြက် ငှက်ကျား
ရေမှာကျက်စားတဲ့ ငှက်ကြီးငှက်ငယ်အားလုံး
ဒီမြစ်မှာ ဝမ်းစာကို စာလုံးပေါင်းခဲ့ကြ
သောင်ပြင်ပေါ်က အစာ
ရေပြင်ပေါ်က အစာ
ဘယ်အရာက သဘာဝစစ်ပါသလဲ

မသန့်တော့တဲ့သူ့သွေးတွေနဲ့
ငွေ့ရည်ဖွဲ့ပြီး
မိုးကြီးရွာဖို့ ရှက်နေရှာတဲ့ မြစ်
ချစ်ခြင်းဟာ သူ့ရင်ထဲမှာ
တာဝန်ဟာ သူ့ဦးနောက်ထဲမှာ
ဘယ်သူ့ကြောင့် ဘာဖြစ်ဖြစ်
မြစ်ဟာ စီးမြဲ စီးဆဲ


စိုးမင်းအိမ်